သံလွင်မြစ်ပေါ်ရှိ ရေကာတားများ ရပ်တန့်ရန် လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန၊ တရုတ်သံရုံးနှင့် ထိုင်းသံရုံးများသို့ မြန်မာ့ မြစ်ချောင်းများ ကွန်ရက်က ဇန်နဝါရီ ၁၉ ရက်တွင် အိတ်ဖွင့်စာပေးလိုက်သည်။
သံလွင်မြစ်ပေါ် တည်ဆောက်မည့် ရှမ်းပြည်နယ် ကွမ်းလုံ၊ နောင်ဖာ၊ တာစန်း၊(ခေါ်) မိုင်းတုံရေကာတာ၊ ကရင်နီပြည်နယ် ရွာသစ်ရေ ကာတာ၊ ကရင်ပြည်နယ် ဟတ်ကြီးရေကာတာ စီမံကိန်းများကို တည်ဆောက်ခြင်းမှ ရပ်တန့်ရန် တောင်းဆိုလိုက်ခြင်း ဖြစ်သည်။
“သယံဇာနဲ့ပတ်သက်တဲ့ ရပိုင်ခွင့်တွေကြောင့် ပြည်တွင်းစစ် ပြဿနာတွဖြစ်တာ ငြင်းလို့မရဘူး၊ ဒီအခြေအနေမှာ မရမက အကောင်အထည် ဖော်မယ်ဆိုရင် ပဋိပက္ခကိုမီး မွှေးသလိုဖြစ်လိမ့်မယ်”ဟု မြန်မာနိုင်ငံ မြစ်ချောင်းများကွန်ရက်၏ ပြောရေးဆိုခွင့်ရှိသူ ကိုစိုင်းခေးဆိုင် က ပြောသည်။
ထိုကန့်ကွက်မှု အိတ်ဖွင့်ပေးစာကို ဒေသခံ ခြောက်သောင်းကျော်က လက်မှတ်ရေးထိုးပြီး နိုင်ငံရေး အဖွဲ့အစည်းပေါင်း တစ်ရာ့သုံးဆယ် ကျော်က ဆန္ဒပြု ထောက်ခံထားခြင်းဖြစ်သည် ဟု ဖော်ပြထားသည်။
သံလွင်မြစ်ပေါ်တွင်ပြုလုပ်မည့် သံလွှင်ရေကာတာစီမံကိန်းမှ လျှပ်စစ်ဓာတ်အား ၁၅၀၀၀ မီဂါဝပ် ထုတ်လုပ်သွားမည်ဖြစ်ပြီး တရုတ်နှင့် ထိုင်းနိုင်ငံများသို့ တင်ပို့ရောင်းချသွားမည်ဖြစ်သည်။
“သံလွင်မြစ်ကြောင်းတစ်လျှောက် သိန်းပေါင်းများစွာသော လူတွေရဲ့ အကျိုးကိုမကြည့်ဘဲ လုပ်ဆောင်နေတာ ဖြစ်တဲ့အတွက် ရပ်တန့်ဖို့တောင်းဆိုတာ ဖြစ်ပါတယ်” ဟု မအနန်က ဆိုသည်။
ထိုစီမံကိန်းများကြောင့် သံလွင်မြစ်ရေစီနှုန်း၊ ငါးသံယံဇာတနှင့် မြစ်အောက်ပိုင်းရှိ စိုက်ပျိုးရေးလုပ်ငန်းများကို ဆိုးကျိုးသက်ရောက်နေပြီးကျေးရွာပေါင်း ခြောက်ဆယ်ကျော်မှ ပြည်သူများ အိုးအိမ် ပြောင်းရွှေ့ရကာ ဆုံးရှုံမှုများ ကြံုတွေ့နေရသည် ဟု မြန်မာမြစ်ချောင်းများကွန်ရက်က ထုတ်ပြန်ထားသည်။
သံလွင်မြစ်ကြောင်းတစ်လျှောက်တွင် ရေကာတာစီမံကိန်းခြောက်ခုအား အကောင်အထည်ဖော်လျက်ရှိပြီး တရုတ်၊ ထိုင်းနှင့် မြန်မာ ကုမ္ပဏီများက အကောင်အထည်ဖော်နေခြင်းဖြစ်သည်။