အနယ်နယ် အရပ်ရပ်မှ ကျောင်းသားထု ပါဝင်မည့် ကျောင်းသား သပိတ်ကြီးက ပညာရေး ပြုပြင်ပြောင်းလဲရေးကိုသာ ဦးတည်ခြင်းဟု ဆို

အနယ်နယ် အရပ်ရပ်မှ ကျောင်းသားထု ပါဝင်မည့် ကျောင်းသား သပိတ်ကြီးက ပညာရေး ပြုပြင်ပြောင်းလဲရေးကိုသာ ဦးတည်ခြင်းဟု ဆို
by -
မဇ္စျိမ

 အနယ်နယ် အရပ်ရပ်မှ ကျောင်းသား၊ ကျောင်းသူများ ပါဝင်မည့် အမျိုးသား ပညာရေး ဥပဒေကန့်ကွက် သည့် ကျောင်းသား သပိတ်က ရှစ်လေးလုံး ကျောင်းသား အရေးအခင်းကဲ့သို့ နိုင်ငံရေးအရွေ့ဖြစ်ပေါ်စေရန် လုပ်ဆောင်နေခြင်းမဟုတ်ဘဲ ပညာရေး ပြုပြင်ပြောင်းလဲရေးကိုသာ ဦးတည်ဆောင်ရွက်ခြင်းဖြစ်သည့်အတွက် စိုးရိမ်စရာမလိုဟု ဒီမိုကရေစီပညာရေးလှုပ်ရှားမှု အဖွဲ့ ဦးဆောင် ကော်မတီအဖွဲ့ဝင် ကိုဇေယျာလွင်က မဇ္ဈိမကို ပြောသည်။

ဇန်နဝါရီ ၁၇ ရက်မှစပြီး ၁၅ ရက်အတွင်း မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားသပိတ်ကြီးကို မန္တလေးမြို့မှ စတင်ချီ တက်ဆင်နွှဲပြီး ရန်ကုန် တွင် စုစည်းကာ ထိုင်သပိတ်ကို ပြုလုပ်မည်ဖြစ်သည်။ အဆိုပါ နိုင်ငံလုံးဆိုင် ရာ ကျောင်းသားများ ထိုင်သပိတ်တွင် အနယ်နယ်အရပ်ရပ်မှ လာရောက်စုစည်းကြမည်ဖြစ်သည်ဟု ၎င်းက ဆိုသည်။

Student-Strike-5

ကိုဇေယျာလွင်က''ချီတက်သပိတ်ကို မနက်ဖြန်(ဇန်နဝါရီ၁၉) ဒါမှမဟုတ် သန်ဘက်ခါ (ဇန်နဝါရီ ၂ဝ ရက်) ကို သပိတ်စမယ်။ ဒီသပိတ်က တစ်နိုင်ငံလုံးအနှံ့ ၈၈ လိုပုံစံမျိုးကြီး ဖြစ်သွားသည့်တိုင်အောင် နိုင်ငံရေး အပြောင်းအလဲတစ်ခုခုဖြစ်မှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ သပိတ်ဆုံးဖြတ်ချက်က အမျိုးသားပညာရေး ဥပဒေနဲ့ ပညာရေးပြောင်းလဲမှု လမ်းကြောင်းပေါ်ကနေ ပဲသွားမှာပါ။ ၈၈ တုန်းကလို တစ်ပါတီ အာဏာ ရှင်စနစ်ကို ဖြိုချဖို့အတွက် လှုပ်ရှားမှုမျိုး မဟုတ်ပါဘူး'' ဟု ပြောသည်။

ပြည်ထောင်စုလွှတ်တော်တွင် အတည်ပြုခဲ့သည့် အမျိုးသားပညာရေးဥပဒေကို ကန့်ကွက်သည့် ကျောင်းသား များက ရက် ၆ဝ အတွင်း အစိုးရက ညှိနှိုင်းပေးရန် တောင်းဆိုခဲ့သော်လည်း ညှိနှိုင်းခြင်းမရှိသည့်အတွက် ယင်းကဲ့သို့ သပိတ်ဆင်နွှဲရန် စီစဉ်နေခြင်းဖြစ်သည်။

အမျိုးသားပညာရေး ဥပဒေနှင့် ပတ်သက်၍ နိုင်ငံတော်အစိုးရ၊ ပညာရေးစနစ် ပြုပြင်ပြောင်းလဲမှု နိုင်ငံလုံး ဆိုင်ရာ ကွန်ရက် NNER နှင့် ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီတို့ လေးပွင့်ဆိုင်တွေ့ ဆုံ ဆွေးနွေးမှုကို ရက်ပေါင်း ၆ဝ အတွင်း အကောင်အထည်ဖော်ပေး ရန် တောင်းဆိုထားခြင်းဖြစ်သည်။

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများအဖွဲ့ချုပ် ဗဟိုလုပ်ငန်းကော်မတီ အတွင်းရေးမှူး မဖြိုးဖြိုးအောင်က ''ကျောင်းသားတွေကတော့ တိုင်းပြည်အရေးကိစ္စပဲ ဖြစ်ဖြစ်၊ လူ့အခွင့်အရေး ချိုးဖောက်ခံရတာပဲဖြစ်ဖြစ်၊ ခုလိုပညာရေးဥပဒေလိုမျိုး ကျွန်မတို့နဲ့ တိုက်ရိုက်ပတ်သက်လာတဲ့ ကိစ္စပဲဖြစ်ဖြစ်၊ အနာဂတ်နဲ့ ပတ်သက်တဲ့ ကိစ္စပဲဖြစ်ဖြစ် တာဝန်ယူတောင်းဆိုဆန္ဒပြမှုတွေ ပြုလုပ်သွားမှာပါ'' ဟု ပြောသည်။

ယင်းကဲ့သို့ သပိတ်ကြောင့် နိုင်ငံရေး အချိုးအကွေ့တစ်စုံတစ်ရာ ပြောင်းလဲမှုဖြစ်ပေါ်လာပါက လည်း ကျောင်းသားများကြောင့် မဟုတ်ဘဲ ဖိနှိပ်မှုများပြုလုပ်သည့် နိုင်ငံတော်အစိုးရ၏ တာဝန်သာဖြစ်သည်ဟု ၎င်းက ဆိုသည်။

သပိတ်မှောက်မည့် ကိစ္စနှင့်ပတ်သက်၍ အစိုးရက တရားဝင် တရားစွဲဆိုမှုပြုလုပ်လာပါက တရားရင်ဆိုင်သွား မည် မဟုတ်ဟုလည်း ၎င်းက ဆိုသည်။

အဆိုပါ ကျောင်းသားထုသပိတ်နှင့် ပတ်သက်၍ ဇန်နဝါရီ ၁၇ ရက်က ရန်ကုန်မြို့ နိုင်ငံရေးသိပ္ပံကျောင်းတွင် သတင်းစာ ရှင်းလင်းပွဲပြု လုပ် ကြေညာခဲ့သည်။

ရန်ကုန်မြို့တွင် ကျင်းပမည့် ထိုင်သပိတ်တွင် ဒီမိုကရေစီ ပညာရေး ရရှိရေး၊ ကျောင်းသားသမဂ္ဂ လုပ်ဆောင်ခွင့် ရရှိရေး၊ ကျောင်းသားထုကို အခြေမခံထားသည့် ပညာရေးဥပဒေ အလိုမရှိ အပါအဝင် အချက်ငါးချက် ဖြင့် ကြွေးကြော်၍ ဆန္ဒပြ တောင်းဆိုသွားမည်ဖြစ်သည်။

ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီကို ၂ဝ၁၄ ခုနှစ်၊ နိုဝင်ဘာ ၁၂ ရက်နှင့် ၁၃ ရက်တွင် ကျင်းပခဲ့သည့် နိုင်ငံတစ်ဝန်း မှ ကျောင်းသား ကိုယ်စားလှယ် ၅ဝဝ ကျော် တက်ရောက်သော နိုင်ငံလုံးဆိုင် ရာ ကျောင်းသားထု အရေးပေါ် အစည်းအဝေးပွဲကြီး မှ ကျောင်းသားထု ဆန္ဒအရ ရွေးချယ်ဖွဲ့စည်းခဲ့သည်။

အမျိုးသားပညာရေး ဥပဒေတွင် ပြင်ဆင်ဖြည့်စွက်ရမည့် အချက်များကိုလည်း ကျောင်းသားသမဂ္ဂအဖွဲ့ များနှင့် ရန်ကုန် အရှေ့ပိုင်းတက္ကသိုလ် ဒု-ပါမောက္ခချုပ်တို့ပါဝင်သည့် ဆွေးနွေးပွဲကို ရန်ကုန် တက္ကသိုလ်တွင် ဇန်နဝါရီလက ပြုလုပ်ခဲ့သေးသည်။

Most read this week