သံတွဲတွင် တစ်ကိုယ်တော် ဆန္ဒပြသူ ကိုစောဝေ ဖမ်းဆီးထိန်းသိမ်းခံရ

သံတွဲတွင် တစ်ကိုယ်တော် ဆန္ဒပြသူ ကိုစောဝေ ဖမ်းဆီးထိန်းသိမ်းခံရ
by -
နိရဥ္စရာ

“Give Back Our Land” ဟု ရေးသားထားသည့် ပိတ်စနှင့် ယင်းစာသားပါ တီရှပ်ကို ၀တ်ဆင်ပြီး သံတွဲတွင် တစ်ကိုယ်တော် ဆန္ဒပြသူ ကိုစောဝေအား ရဲက ဖမ်းဆီးထိ်န်းသိမ်းလိုက်ကြောင်း သတင်း ရရှိသည်။

ကိုစောဝေသည် ဇန်နဝါရီလ ၁၈ ရက်နေ့ နေ့လယ် ၁ နာရီ ၄၅ မိနစ်က သံတွဲမြို့ ဟိုတယ်ဇုန်ရှိ Hilton ငပလီ ဟိုတယ်ရှေ့မှ စတင်ကာ တစ်ကိုယ်တော် ဆန္ဒပြချီတက်စဉ် သံတွဲမြို့ ဗိုလ်တဲရှေ့သို့ ရောက်ရှိလာစဉ် ရဲက ဖမ်းဆီးလိုက်ခြင်း ဖြစ်သည်။

Hilton-Ngapali

အဖမ်းမခံရမီ နိရဥ္စရာက ဆက်သွယ်မေးမြန်းရာ ဆန္ဒပြရသည့် အကြောင်းအရင်းကို သူက ယခုလို ရှင်းပြသည်။

“သံတွဲမှာ ဒေသခံပြည်သူတွေပိုင်ဆိုင်တဲ့ လယ်မြေတွေ တော်တော်များများကို အာဏာပိုင်တွေနဲ့ ခရိုနီတွေက မတရား သိမ်းပိုက်ပြီး ဟိုတယ်တွေဆောက်လုပ်ထားကြတယ်။ ဒီလယ်မြေတွေဟာ ကျနော်တို့ ဒေသခံ ပြည်သူတွေ ပိုင်ဆိုင်ထားတဲ့ မြေတွေ ဖြစ်တဲ့ အတွက် Give Back our lands စာသားကိုရေးပြီး ဆန္ဒပြတောင်းဆိုရတာပါ” ဟု သူက ဆိုသည်။

ကိုစောဝေသည် မတရားသိမ်းဆည်းထားသော မြေသိမ်းယာသိမ်း အခု ပြန်ပေးဟု တောင်းဆို ဆန္ဒပြခဲ့သည်။

ယင်းသိမ်းပိုက်မြေများမှာ ငပလီကမ်းခြေတစ်လျှောက်တွင် ဖြစ်ကြောင်း သူကဆက်ဆိုသည်။

“ ငပလီကမ်းခြေမှာတော့ စစ်တပ်က သိမ်းထားတယ်။ ငပလီနဲ့ တစ်ဆက်တည်းရှိတဲ့  ဆင်ကြပ်ကျေးရွာမှာ စစ်တပ်ပတ်သက်တဲ့ ခရိုနီ တရုတ် သူဌေးတွေက သိမ်းထားတယ်။ ညိညင်ကျေးရွာအုပ်စု ကင်းလိပ်ကျွန်းမှာ ထောက်လှမ်းရေး (၁၀) ပေါ့ သူတို့ခေတ်က ဗိုလ်မှူး သိမ်းထားတာတွေရှိတယ်။ ခလရ ၅၅ က သိမ်းထားတာတွေရှိတယ်” ဟု ဆိုသည်။

သံတွဲ ငပလီ ကမ်းခြေတွင် မြေများကို ပထမဆုံးသိမ်းယူသူမှာ ယခင် အနောက်ပိုင်းတိုင်း  တိုင်းမှူး ဗိုလ်ချုပ်ဝင်းမြင့် ဖြစ်ကြောင်း၊ အသိမ်းခံရသည့် အကောင်းဆုံးမြေမှာ ဇီးဖြူကုန်းရွာဖြစ်ကြောင်း၊ နိုင်ငံတော်ပိုင် လူရည်ချွန်စခန်းအနီးမှ မြေများကိုလည်း ယခုအခါ ခရိုနီများက မိဘထံမှ အပိုင်ရသလိုမျိုး ဟိုတယ်များဆောက်ထားကြောင်း၊  ဒေသခံ ပြည်သူများမှာ လျော်ကြေးလည်း မရကြောင်း သူက ပြောဆိုသည်။

ယခုလို ဆန္ဒပြတောင်းဆို၍ သိမ်းဆည်းမြေများအား ပြန်ရနိုင်စရာ ရှိပါသလားဟု မေးမြန်းရာသူက ယခုလို ဆက်လက်ပြောဆိုသည်။

“ ဆန္ဒပြတဲ့ အတွက် နောက်ဆုံးမှာ အမှန်တရားက အနိုင်ရမှာဘဲ။ ပြန်ပေးကို ပေးရလိမ့်မယ်။ ဒါဟာ ပြည်သူတွေရဲ့  အခွင့်အရေး၊ လောကရဲ့ သစ္စာတရားဘဲ၊ မပေးရင်လည်း စောဝေလို လူတွေနောက် ထပ် အများကြီး ပေါ်ပေါက် လာလိမ့်အုံးမယ်” ဟု ဆိုသည်။

ဆန္ဒပြ၍ အဖမ်းခံရမည်ကို ကြောက်ကြောင်း၊ မည်သူမဆို ကြောက်ကြမည် ဖြစ်ကြောင်း၊ သို့သော်လည်း မလုပ်မဖြစ်၍ လုပ်ရခြင်း ဖြစ်ကြောင်း ကိုစောဝေက ဆက်လက် ပြောဆိုသည်။

ကိုစောဝေအား ညနေ ၄ နာရီ ၄၀ မိနစ်ခန့်တွင် ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ နိရဥ္စရာ သံတွဲ သတင်းထောက်မှ သက်ဆိုင်ရာ ရဲတာဝန်ရှိသူ မေးမြန်းရာ ယခု မအားလပ်သေးသဖြင့် နောက်မှ မေးမြန်းရန် ပြောဆိုခဲ့သည်ဟု သိရသည်။

ကိုစောဝေသည် သံတွဲဇာတိ ဖြစ်ပြီးယခင်ကလည်း တစ်ကိုယ်တော် ဆန္ဒပြမှုကြောင်း (၃) ကြိမ်တိတိ ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရဖူးသည်ဟု သိရသည်။

Most read this week