ချင်းပြည်နယ်မြောက်ပိုင်း တွန်းဇံမြို့နယ်အတွင်းရှိ ဘိန်းစိုက်ခင်းများကို ပြီးခဲ့သည့် ဒီဇင်ဘာလ ပထမပတ် ကစတင်ပြီး ချင်းပြည်နယ်ရဲတပ်ဖွဲ့မှ လိုက်လံဖျက်ဆီးခဲ့ရာ ယခုလ ရ ရက်နေ့အထိ ဘိန်းစိုက်ခင်း ၅၆၆.၈၁ ဧက ဖျက်ဆီးနိုင်ခဲ့ကြသည် ဟုသိရသည်။
ဟားခါးခရိုင် ဒု-ရဲမှူးကြီးမောင်မောင်မြင့်၊ ဖလမ်းခရိုင်ဒုရဲမှူးကြီး လှသန်း နှင့် ပြည်နယ်ရဲမှူး နေဖြိုးတို့ ဦးဆောင်သော ရဲတပ်ဖွဲ့ သည် စစ်ကြောင်းသုံးကြောင်းဖြင့် ချီတက်ကာ တွန်းဇံမြို့နယ်အတွင်းရှိ ဘိန်း စိုက်ခင်းများကို ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၀ ရက်နေ့မှ ဇန်နဝါရီ ရ ရက်နေ့အထိ သွားရောက်ဖျက်ဆီး ခဲ့ကြခြင်းဖြစ်သည်ဟု The Chinland Post သတင်းတွင်ဖော်ပြ ထားသည်။
ချင်းပြည်နယ်ရဲတပ်ဖွဲ့မှ ယခုကဲ့သို့ ဘိန်းစိုက်ခင်းများ ဖျက်ဆီးခြင်းသည် ကြိုဆိုရမည်ဖြစ်သော်လည်း တချိန်တည်းတွင် ပြည်နယ်အစိုးရအနေဖြင့်လည်း ဒေသခံများအတွက် အသက်မွေးဝမ်းကျောင်းပြုနိုင်မည့် အစားထိုးစိုက်ပျိူးသီးနှံများ အတွက် အကောင်အထည်ဖော်ဆောင်ပေးရန်လိုအပ်သည်ဟု တီးတိန်ဒေသခံ တစ်ဦးကပြေသည်။
“ အသက်မွေးဝမ်းကျောင်းဖို့အတွက် အဓိက မှီခိုအားထားနေရတဲ့ ဘိန်းစိုက်ခင်းတွေကို ဖျက်ဆီးလိုက်တာ ဟာ ဒေသခံ အတော်များများကို စားဝတ်နေရေးအတွက် အခက်အခဲကြံုစေမှာသေချာပါတယ်၊ ဒါကြောင့် ချင်းပြည်နယ်အစိုးရအနေနဲ့ ဒီလိုဖျက်ဆီးမယ်ဆိုရင် ဘိန်းစိုက်တောင်သူတွေအတွက် အစားထိုးစိုက်ပျိူးနိုင်မယ့်၊ စားဝတ်နေရေးကိုဖြေရှင်းနိုင်မယ့် အစားထိုးစီမံကိန်းတွေကိုအသေအချာလေ့လာစမ်းစစ်ပြီး အကောင် ထည်ဖော်ဆောင်ပေးပို့လိုပါတယ်’’ ဟု ၎င်းဒေသခံက ပြောသည်။
လွန်ခဲ့သော ၂၀၀၄ နှစ်လွန်ကာလများမှ စတင် စိုက်ပျိူးလာခဲ့သော တွန်းဇံမြို့နယ်အတွင်းရှိ ဘိန်းစိုက်ခင်းများ သည် ယခုအခါ ဧကပေါင်း ထောင်ကျော်အထိ မြှင့်တက်လာခဲ့ပြီး အလွယ်တကူ ၀င်ငွေများများရရှိနိုင်သောကြောင့် ဒေသခံ များအကြားတွင်လည်း စိုက်ပျိူးသူများပြားလာခဲ့သည်။