ကျောင်းသားထုက ကန့်ကွက်နေသည့် အမျိုးသား ပညာရေး ဥပဒေမူကြမ်းတွင် အားသာချက်ထက် အားနည်းချက်များကာ မလိုအပ်ဘဲ စကားလုံးဖောင်းပွမှုများ တွေ့ရဟု ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ် ဒုတိယ ပါမောက္ခချုပ် ဒေါက်တာ ဒေါ်မာလာအောင် က ပြောကြားလိုက်သည်။
ယင်းကို ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ်တွင် ကျင်းပသည့် အမျိုးသားပညာရေးမူကြမ်း ပြင်ဆင်ဖြည့်စွက်ရေး အတွက် ကျောင်းသား ထုနှင့် ဆွေးနွေးပွဲတွင် ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်ဟု အဆိုပါပွဲ တက်ရောက်သည့် ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ် သင်တန်းရေးရာ ဌာနမှူး ဦးအေးကြွယ်က မဇ္စျိမကို ပြောသည်။
"ဆရာမကြီးက အမျိုးသား ပညာရေး ဥပဒေမှုကြမ်းက အားသာချက်ထက် အားနည်းချက်ကများတယ် ဆိုပြီး ဖွဲ့စည်းပုံအခြေခံနဲ့ ချိန်ထိုးပြီး ဆွေးနွေးပါတယ်။ စကားလုံးဖောင်းပွပြီး ထိရောက်မှုမရှိဘူးလို့ဆိုတယ်"ဟု ဦးအေးကြွယ်က ပြောသည်။
ယင်းဆွေးနွေးပွဲ ပထမနေ့တွင် အမျိုးသား ပညာရေး ဥပဒေကြမ်းပါ ဥပဒေ အခန်း (၁) နှင့် အခန်း (၂) တို့ကို ဆွေးနွေးခဲ့ပြီး ဆွေးနွေးပွဲကို ဇန်နဝါရီ ရ ရက်မှ ၉ ရက်အထိ သုံးရက် ကျင်းပမည် ဖြစ်သည်။
အမျိုးသားပညာရေးမူကြမ်း ပြင်ဆင်ဖြည့်စွက်ရေး အတွက် ကျောင်းသားထုနှင့် ဆွေးနွေးပွဲ၌ အရှေ့ပိုင်း တက္ကသိုလ် ကျောင်းသား သမဂ္ဂ၊ သန်လျင် နည်းပညာတက္ကသိုလ် ကျောင်းသား သမဂ္ဂ၊ ဒဂုံတက္ကသိုလ်ကျောင်းသား သမဂ္ဂ၊ မြန်မာနိုင်ငံ ရေကြောင်းသိပ္ပံ ကျောင်းသားသမဂ္ဂ၊ ကွန်ပျူတာ တက္ကသိုလ် ကျောင်းသားသမဂ္ဂ နှင့် အရှေ့ပိုင်း တက္ကသိုလ်မှ ဆရာ/ဆရာမများ စုစုပေါင်း အင်အား ၅၀၀ကျော် တက်ရောက် ဆွေးနွေးခဲ့သည်။
ကျောင်းသားထုက ကန့်ကွက်နေသည့် အမျိုးသား ပညာရေး ဥပဒေနှင့် ပတ်သက်၍ အစိုးရက ရက်ပေါင်း ၆၀ အတွင်း ကျောင်းသား များနှင့် တွေ့ဆုံဆွေးနွေးရန် ကျောင်းသားများက ထုတ်ပြန်တောင်းဆိုထားပြီး ရက် ၆၀ပြည့်ရန် နှစ်ပတ်ခန့်သာ လိုတော့သည်။
အမျိုးသား ပညာရေး ဥပဒေ ဆန့်ကျင်ကန့်ကွက်သည့် ဆန္ဒထုတ်ဖော်ပွဲများကို နိုဝင်ဘာ ၁၄ ရက်တွင် မြို့တော်ခန်းမရှေ့မှ စတင်ခဲ့သည်။ ဆန္ဒထုတ်ဖော်မှု ၄ ရက် မြောက်နေ့ဖြစ်သည့် နိုဝင်ဘာ ၁၇ ရက်တွင် ဆန္ဒထုတ်ဖော်မှုများ ရပ်ဆိုင်းလိုက်ပြီး ထိုနေ့မှစတင်ပြီး အစိုးရနှင့် တာဝန်ရှိသူများမှ ရက်ပေါင်း ၆၀ အတွင်း သပိတ်မှောက် ကျောင်းသားများနှင့် လာရောက် စေ့စပ်ညှိနှိုင်းဆောင်ရွက်ရန် ကျောင်းသား များမှ တောင်း ဆိုထားခြင်း ဖြစ်သည်။