ဆွေးနွေးသူနှင့် ဆုံးဖြတ်ချက်ချသူ မတူက ငြိမ်းချမ်းရေး မရနိုင်

ဆွေးနွေးသူနှင့် ဆုံးဖြတ်ချက်ချသူ မတူက ငြိမ်းချမ်းရေး မရနိုင်
by -
မဇ္စျိမ

တိုင်းရင်းသားနှင့် အစိုးရကြားငြိမ်းချမ်းရေး ဆွေးနွေးပွဲပုံစံများကို ပြောင်းလဲသင့်နေပြီး ငြိမ်းချမ်းရေး ဆွေးနွေးသူ က တစ်ဦး၊ ဆုံးဖြတ်ချက်ချသူက တစ်ဦးဆိုပါက ငြိမ်းချမ်းရေးသည် နှစ်ပေါင်း တစ်ရာကြာသည် အထိ မရရှိနိုင်ဟု ဒီဇင်ဘာ ၂၂ ရက်က တော်ဝင်နှင်းဆီ ခန်းမတွင် ပြုလုပ်သောစည်းလုံး ညီညွတ်သောတိုင်း ရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (UNA) ညီလာခံအဖွင့် မိန့်ခွန်းတွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက် တစ်ပါတီ ဥက္ကဋ္ဌ ခွန်ထွန်းဦးက ပြောကြားခဲ့ခြင်း ဖြစ်သည်။

အဆိုပါညီလာခံကို စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့အပြင် အခြားနိုင်ငံရေး ပါတီများလည်း တက်ရောက်ကြပြီး လက်ရှိနိုင်ငံရေးဖြစ်စဉ်၊ ငြိမ်းချမ်းရေး ဖြစ်စဉ်များအပြင် UNA ၏ ရှေ့လုပ် ငန်းစဉ်များ၊ မူဝါဒများကို ချမှတ်မည် ဖြစ်သည်။

“NCCT နဲ့ MPC မှာ ပြောနေတဲ့ လူတွေက သုံးနှစ်ကျော်လာပါပြီ။ နောက်ဆုံးဒီကိစ္စကြီးက လွှတ်တော်ထဲ ယူသွားမယ်ဖြစ်တဲ့ အခါကျတော့ တစ်ဖက်ကလည်း တော်တော်လေးကို စိတ်ဓာတ်ကျပါတယ်။ သုံးနှစ် သုံး မိုး ပြောခဲ့တဲ့ဟာတွေက ပြင်လိုက်ရင်တစ်ကယ့် အရေးကြီးတဲ့ အချက်တွေ ပါသွားရင်လည်း ဒါသူတို့အတွက် အများကြီးနစ်နာမယ် ဆိုတာလည်းသိပါတယ်။ ဘာတွေပဲ ဖြစ်နေဖြစ်နေ လွှတ်တော်ထဲ ထိယူသွားတာကို ကျွန်တော်လည်း မကျေနပ်ပါဘူး။ မကြိုက်ပါဘူး။ ကျွန်တော်တို့လည်း လွှတ်တော်ထဲထိ ယူသွားပြီးတော့ ဆွေးနွေးမယ် ဆိုရင် ပြောစဉ်အခါက လွှတ်တော်ထဲမှာ မပြောကြဘဲနဲ့ ဆုံးဖြတ်ချက်ပေး တဲ့အခါမှာ လွှတ်တော်ထဲမှာ ဆုံးဖြတ်ချက်ပေးမယ်ဆိုတာ သဘာဝမကျပါဘူး။ MPC မှာက စကားပြောဖို့ပဲ တာဝန်ရှိ တယ်။ သူ့မှာဆုံးဖြတ်ပိုင်ခွင့်မရှိခဲ့ဘူး။ လုပ်ပိုင်ခွင့်လည်း မပေးခဲ့ဘူး။ ဆွေးနွေးတဲ့ သူ အချင်းချင်းမှာတောင် ဘာမှမ ကျယ်ပြန့်တာက ပြဿနာပဲ။ တပ်မတော်ရယ် MPC ရယ်တိုင်းရင်းသား တွေရယ်သုံး ဖွဲ့ ပေါင်းလိုက်ရင် တော့ တကယ်တမ်းစေတနာမှန် စိတ်မှန်မှန်နဲ့ ပြောင်းလဲမယ်ဆိုရင်တော့ ဖြစ်နိုင်ပါတယ်။

အခုဖြစ်နေသလို ဆွေးနွေးတာက တစ်မျိုး ဆုံးဖြတ်ချက်တာက တစ်ယောက်ဆိုရင် ငြိမ်းချမ်းရေးက နှစ်ပေါင်း ၁၀၀ ကြာတာတောင် မရပါဘူး” ဟု ခွန်ထွန်းဦးက ပြောသည်။

ထို့ပြင် ပင်လုံကပေးခဲ့သည့် ကတိများကို တောင်းဆို၍ တစ်စိုက်မတ်မတ် လုပ်ဆောင်မည်ဖြစ်ပြီး၊ နိုင်ငံရေး ကိစ္စကို ဆက်ပြီးပြောရမည်ဆို ပါက နိုင်ငံရေးတွင် အလွန်အရေးကြီးသည့် အခန်းကဏ္ဍကို ရောက်လာ ပြီ ဖြစ်ကြောင်း၊ နိုင်ငံရေးတွင်လည်း အားလုံးဝိုင်းပြီး ပြောကြားရန် အဖွဲ့အစည်းအသီးသီး ရောက်ရှိနေကြပြီး အရွေ့လိုသေးကြောင်း ၎င်းက ပြောသည်။

Most read this week