ပုံစံ (၆၆) ဖြင့် တရားဝင် နေထိုင်သူများအား စီမံကိန်းမြေ ကျူးကျော်ဟုဆိုကာ နေပြည်တော် စည်ပင်တရားစွဲ

ပုံစံ (၆၆) ဖြင့် တရားဝင် နေထိုင်သူများအား စီမံကိန်းမြေ ကျူးကျော်ဟုဆိုကာ နေပြည်တော် စည်ပင်တရားစွဲ
by -
မဇ္စျိမ

 နေပြည်တော် ကောင်စီနယ်မြေ၊ ဒက္ခိဏသီရိမြို့နယ်၊ ကုလားကြီးကုန်း ကျေးရွာနှင့် တမာပင်ကုန်း ကျေးရွာမှ ဒေသခံတောင်သူတို့အား ကျူးကျော်ဟုဆိုကာ နေပြည်တော်စည်ပင်မှ တရားလိုပြု၍ စည်ပင်တရားရုံးတွင် တရားစွဲဆိုခံထားရ သည့် တောင်သူအများအပြား ရှိနေသည်ဟု ကာယကံရှင်များက ပြောသည်။

ဒက္ခိဏသီရိမြို့နယ်၊ ကုလားကြီးကုန်း ကျေးရွာနေ ဦးဝင်းအောင်က “ဘာလျော်ကြေးမှလည်း မရဘူး၊ မြေကွက်အစားလည်း မပေးဘူး၊ သစ်တောဥပဒေနဲ့လည်း အလုပ်ကြမ်းနဲ့ ထောင်ဒဏ်တစ်လ အပြစ်ကျခံပြီးပြီ၊ အခုတခါ စည်ပင်ဥပဒေနဲ့ ကျူးကျော်ဆိုပြီး တရားထပ်စွဲ ခံရတယ်” ဟု မဇ္စျိမကိုပြောသည်။

ကုလားကြီးကုန်း ကျေးရွာတွင် အိမ်ခြေ ၈၀ ကျော်ရှိသည့်အနက် ၃၃ အိမ်သာ တရားစွဲခံထားရပြီး တမာပင်ကုန်း ကျေးရွာတွင် အိမ်ခြေတစ်ရာကျော်ရှိကာ တောင်ယာနှင့် ကျပန်းလုပ်ငန်းများ လုပ်ကိုင်နေထိုင်ခဲ့သည်မှာ နေပြည်တော်စီမံကိန်း မတည်ဆောက်မှီ ကပင် နေထိုင်ခဲ့ပြီး ၂၀၁၃ ခုနှစ်၊ သြဂုတ်လက တရားစွဲဆိုခံထားရသူ ဦးချွန်က ဆိုသည်။

နိုင်ငံတော်မှ တရားဝင် အသိအမှတ်ပြုထားသည့် စေတနာလူမှုဝန်ထမ်း အရာရှိတစ်ဦးဖြစ်သူ ဦးတင်ဝင်းက “ဒီရွာတွေမှာ နေထိုင်တဲ့သူတွေ ပုံစံ (၆၆) လည်းရှိတယ်၊ ကျောင်းသားတွေဆိုရင် Sea Game တုန်းက ပါဝင်ကူညီခဲ့လို့ အားကစားဝန်ကြီးဌာနကနေ နိုင်ငံတော်သမ္မတ လက်မှတ်နဲ့ အသိအမှတ်ပြု လက်မှတ်တွေတောင် ထုတ်ပေးထားပါတယ်” ဟု စာရွက်စာတမ်းများ ထုတ်ပြကာ ပြောသည်။

ယင်းကျေးရွာနှစ်ရွာတွင် နေထိုင်ကြသော လူဦးရေ၏ ၉၀ ရာခိုင်နှုန်းသည် ကျောင်းသား/သူများနှင့် သက်ကြီးရွယ်အိုများ ဖြစ်နေခြင်းကြောင့် နိုင်ငံတော်သမ္မတနှင့် နေပြည်တော် စည်ပင်သာယာရေးကော်မတီတို့ ကူညီစောင့်ရှောက်သင့်ကြောင်းလည်း ၎င်းက ထောက်ပြလိုက်သည်။

ကျူးကျော်အဖြစ် သတ်မှတ်ခံရသော်လည်း အိမ်ခြေ ငါးဆယ်ကျော်ရှိပါက ပြည်ထဲရေးဝန်ကြီးဌာန အမည်ပေါက် ကျေးရွာအဖြစ် သတ်မှတ်ရန် ၂၀၁၃ ခုနှစ်က နိုင်ငံတော်သမ္မတမှ ဝန်ကြီးဌာနများသို့ ညွန်ကြားထားသော်လည်း နေပြည်တော်ကောင်စီနယ်မြေအတွင်း တရားစွဲ အပြစ်ပေးထောင်ချမှုများ ဆက်လက်ဖြစ်ပေါ်လျက်ရှိသည်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက “သမ္မတအမိန့်တွေ၊ လွှတ်တော်က အတည်ပြုပြဌာန်း လိုက်တဲ့ဥပဒေတွေ ကို  နေပြည်တော်ကောင်စီက လိုက်နာစေချင်တယ်၊ နေပြည်တော်ကောင်စီဆိုတာလည်း အစိုးရအဖွဲ့ပဲလေ” ဟု ဝေဖန်လိုက်သည်။

လွှတ်တော်မှ တင်ပြထားသော အစီရင်ခံစာများ ထုတ်ပြန်လိုက်သော်လည်း လွတ်တော်နှင့် အုပ်ချုပ်ရေးဆိုင်ရာ အဖွဲ့တို့ သဟဇာတမဖြစ်ခြင်း၊ လွှတ်တော်၏ ကြိုးပမ်းဆောင်ရွက်ချက်များအား အစိုးရအဖွဲ့မှ ဂရုတစိုက် လိုက်နာမှု အားနည်းနေခြင်းသည်ပင် စဉ်းစားစရာ များ ဖြစ်နေကြောင်းလည်း ဒေါ်စန္ဒာမင်းက ရှင်းပြသည်။

“ပြည်သူတွေက လွှတ်တော်ကို အားကိုးရမလား၊ အုပ်ချုပ်ရေးအဖွဲ့ကိုပဲ အားကိုးရမှာလားဆိုတဲ့ ဝိဝါဒ ကွဲလွဲမှုတွေ ဖြစ်လာတယ်၊ မြေယာ ကိစ္စနဲ့ ပတ်သက်ပြီး နေတိုင်း အမှုတွေအများကြီး ကျွန်မတို့ရုံးကို လာတိုင်ပေမယ့် မြို့နယ်တိုင်းမှာ မြေယာစိစစ်ရေး ကော်မတီ ဖွဲ့စည်းပြီးဖြစ်လို့ အဲ့ဒီကိုပဲ လွဲပေးလိုက်တယ်”ဟု ၎င်းက ဖြည့်စွက်ပြောသည်။

မြေယာကော်မတီများအနေဖြင့် လွဲပြောင်းပေးအပ်လာသော မြေယာကိစ္စ ပြဿနာများ ကိုင်တွယ်ဖြေရှင်းနိုင်မှုသည် တရားရုံးသို့ လွဲပြောင်း တင်ပြလိုက်ခြင်းသာဖြစ်ကြောင်း ဒေါ်စန္ဒာမင်းက ထောက်ပြဝေဖန်လိုက်သည်။

နေပြည်တော် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ မြို့တော်ဝန် ဗိုလ်မှူးကြီးသိန်းညွန့် လက်မှတ်ဖြင့် ၂၀၀၇ ခုနှစ်၊ နိုဝင်ဘာလ၊ ရ ရက်က ထုတ်ပြန်ထားသော အမိန့်ကြော်ငြာစာတွင် စီမံကိန်းနယ်မြေနှင့် လွတ်ကင်းမှုမ ရှိသော ဖယ်ရှားပေးရမည့် ဒေသခံ အိမ်ထောင်စုများသည်

အဆောက်အအုံလျော်ကြေးနှင့် ပြောင်းရွှေ့စရိတ်များ ထုတ်ယူ၍ အစားထိုးချပေးသော မြေကွက်များ သို့ ပြောင်းရွှေ့နေထိုင်ရန် ဆိုသော အချက်ပါဝင်ခဲ့သည်။

Most read this week