တပ်မ ရ၇ မှ နှစ်လကျော် ဖမ်းထားသည့် နမ္မတူဒေသခံ မိသားစုနှင့် တွေ့ခွင့်မရသေး

တပ်မ ရ၇ မှ နှစ်လကျော် ဖမ်းထားသည့် နမ္မတူဒေသခံ မိသားစုနှင့် တွေ့ခွင့်မရသေး
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည်နယ် မြောက်ပိုင်း နမ္မတူမြို့နယ် မိုင်းယင် ကျေးရွာ အုပ်စု ရွာသား တစ်ဦးအား စကား ပြောစက် ကိုင်ဆောင်မှုဖြင့် နှစ်လကျော်ကြာ ဖမ်းဆီး ခေါ်သွားရာ ယနေ့တိုင် မိသားစုနှင့် တွေ့ခွင့် မရသေးဘူးဟု မိသားစု အသိုင်း အဝိုင်းက ပြောသည်။

ကျောက်မဲခရိုင် နမ္မတူမြို့နယ် မိုင်းယင်ကျေးရွာအုပ်စု ကောင်းဟုန်းရွာနေ စိုင်းထွမ်း အား စကားပြော စက်လက်ဝယ်ကိုင်ဆောင်ထားစဉ် ဖမ်းမိသဖြင့်  သူပုန်ဟုစွပ်စွဲပြောဆိုကာ  တပ်မ ရ၇ က အောက်တိုဘာလ ၈ ရက် သီတင်းကျွတ်လပြည့်နေ့က ဖမ်းဆီးခေါ် ဆောင် သွားခဲ့သည်။

စိုင်းထွမ်းအားလည်း ယနေ့တိုင် မိသားစု နှင့်တွေ့ခွင့်မပေးသေးသည့်အပြင် မည်သည့် နေရာတွင်ဖမ်းဆီး ထိန်းချုပ်ထားကြောင်းလည်း မိသားစုက မသိရသေးကြောင်း ဆွေမျိုးတော်စပ် သူတစ်ဦးကပြောသည်။

“ကျနော်တို့လွှတ်တော်အမတ်ဆီသွားတိုင်တယ်။ သူက ရွာသားအားလုံး လက်မှတ်ထိုး တောင်း ဆိုဖို့ ပြောတော့ဘယ်သူမှ မထိုးရဲဘူး။ ဒါနဲ့ဘဲ အခု နှစ်လကျော်နေပြီ။ စကားပြော စက်က မှန်တယ် သျှမ်းတပ်က လာပေးသွားတာ။ စကားပြောစက်ကိုင်တာမှားလား။ စက် ကိုင်ထားခြင်းအားဖြင့် ဘယ်စစ်ကြောင်းက ဘယ်မှာနေတယ်။ ဘယ်ကိုသွားတယ် စသဖြင့် သတင်းပေးရင် တိုက်ပွဲ ဖြစ်ပွားမှု ထိပ်တိုက်ရင်ဆိုင်မှု တွေတောင် လျော့နည်းတယ်။ တိုက်ပွဲမဖြစ်ရင်ရွာသားတွေလဲကောင်းကောင်း သွားလာအလုပ်လုပ် နိုင် တယ်လေ” ဟု ရပ်ရွာအရေးတက်ကြွလှုပ်ရှားသူလူငယ် စိုင်းခမ်း ကပြော သည်။

စိုင်းထွမ်းသည် သီတင်းကျွတ်လပြည့်နေ့  သစ်သီးဆွမ်းတော်ကပ်ရန် လယ်တောမှ အပြန် အဖမ်းခံရ ခြင်းဖြစ် သည်။

နမ္မတူမြို့နယ် မိုင်းယင်ကျေးရွာအုပ်စု ကျားဖြူပါတီ ဥက္ကဌက “  ဒီဇင်ဘာလက ၁ ရက်နေ့က ကျနော်တို့လူ သီပေါအချုပ်ခန်းမှာ သူ့ကိုသွားကြည့်တယ်။ သူ့ကို အာမခံထုတ်ဖို့ သက်သေပေးချက်က မပြည့်စုံသေးဘူးဆိုပြီး အာဏာပိုင်တွေဘက်က မလွှတ်ပေးသေးဘူး။ တကယ်တော့ သူက အဖွဲ့အစည်းက မဟုတ်ပါဘူး။ ဝမ့်ကောင်းဟုန်းရွာက ဒေသခံ ပလောင်အမျိုးသားပါ။” ဟု သျှမ်းသံတော်ဆင့်အားပြောပါသည်။

စိုင်းထွမ်း အသက် ၅၄ နှစ် သည် ဇနီး နန်းဆာလူ အသက် ၄၀ ကျော်၊ သမီးကြီး ၁၇ နှစ်၊ သားကြီး ၁၂ နှစ် ၊ သားငယ်မှာမူ ၁၀ လကျော်သာရှိသေးသည်ဟု ရွာခံများကပြောသည်။

နမ္မတူမြို့နယ်သည် သျှမ်းပြည်တိုးတက်းရေးပါတီ သျှမ်းပြည်တပ်မတော် SSPP/SSA သွားလာလှုပ်ရှားရာ နယ်မြေဖြစ်သည်။ သို့သော်ထိုတပ်ဖွဲ့သည် မြန်မာအစိုးရ နှင့် ပြည်ထောင်စု အဆင့်လက်မှတ်ရေးထိုး ထားသည့် တပ်ဖွဲ့ဖြစ်သည်။

Most read this week