ငွေကျပ် သန်းခြောက်ထောင် ကုန်ကျမည့် အင်းစိန် မီးရထား ခုံးကျော်တံတား စီမံကိန်းစတင်

ငွေကျပ် သန်းခြောက်ထောင် ကုန်ကျမည့် အင်းစိန် မီးရထား ခုံးကျော်တံတား စီမံကိန်းစတင်
by -
မဇ္စျိမ

 ငွေကျပ်သန်းခြောက်ထောင် အကုန်ကျခံတည်ဆောက်သွားမည့် အင်းစိန် မီးရထားခုံးကျော် တံတားစီမံကိန်း ပန္နက်ရိုက်အခမ်းအနားကို ဒီဇင်ဘာ ၁၉ ရက် နံနက်ပိုင်းက အင်းစိန်မြို့နယ်တွင် ကျင်းပခဲ့သည်။

စီမံကိန်းပန္နက်ရိုက် အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြင့်ဆွေ၊ မီးရထားဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေးတို့ တက်ရောက်ခဲ့သည်။ ထိုစီမံကိန်းကို မီးရထားဝန်ကြီးဌာ နနှင့် မြန်မာရွှေသရဖူ ဆောက်လုပ်ရေးကုမ္ပဏီတို့ ပူးပေါင်းတည်ဆောက်ခြင်းဖြစ်ပြီး ၂၀၁၅ မေလတွင် အပြီး တည်ဆောက်သွားမည်ဟု မီးရထား ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေးက မဇ္စျိမကို ပြော သည်။

"တံတားတည်ဆောက်ဖို့ ဒီနှစ်ဇူလိုင်လကစပြီး အကြိုအင်ဂျင်နီယာလုပ်ငန်းတွေ၊ စပြီးလုပ်လို့ရတာတွေ အကုန်လုံးကို လုပ်ခဲ့တယ်။ ကွန်ကရစ် တံတားဘောင်တွေကို မီးရထားကပဲ လုပ်ပါတယ်။ အားလုံးပေါင်း အချောင်းရေ ၁၄၀ လောက် လုပ်ရမယ့်နေရာမှာ ရ၀လောက် လုပ်ပြီးသွားပါပြီ။ အလားတူပဲ သံဘောင်တွေကိုတော့ အပြင်ကုမ္ပဏီတွေကို တင်ဒါပေးပြီးသွားပါပြီ။ အဲဒီသံဘောင်တွေလည်း တပ်ဆင်ရမယ့်အချိန်မှာ အချိန်ကိုက်ပြီးပါလိမ့်မယ်" ဟု ဦးသန်းဌေးက ပြောသည်။

အင်းစိန်ပန်းခြံလမ်း လေးခွဆုံနေရာ ယာဉ်ကြောပိတ်ဆို့မှုကို ဖြေရှင်းရန် ထိုခုံးကျော်တံတား စီမံကိန်းကို မီးရထားဝန်ကြီးဌာနက အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတံတားဟောင်းနှင့် ကပ်လျက်တွင် ပင်မနှစ်လမ်းသွား တံတားတစ်စင်းနှင့် လက်တက် တစ်လမ်းသွား တံတားတစ်စင်းတို့ကို အပြိုင် တည်ဆောက်သွားမည်ဖြစ်သည်။

ပင်မနှစ်လမ်းသွား ခုံးကျော်တံတားမှာ အင်းစိန်လမ်းသစ်လမ်းအတိုင်း အင်းစိန်စျေးရှေ့မှ စော်ဘွားကြီးကုန်း၊ နံသာလမ်းထိပ် အထိ တောင်-မြောက် တည်ဆောက်သွားမည်ဖြစ်ပြီး အလျား ၁၅၅၇ပေ၊ အနံ ၃၄ပေ၊ အမြင့် ၁၉ပေ ၄ လက်မရှိမည် ဖြစ်သည်။

လက်တက်တစ်လမ်းသွားခုံးကျော်တံတားမှာ အင်းစိန်စျေးရှေ့မှ ရန်ကုန်မြို့သို့ အတက်၊ မင်းကြီးလမ်းအတိုင်း "ပ" ပုံ တည်ဆောက်သွား မည်ဖြစ်ပြီး  အလျား ၆၀၃ပေ၊ အနံ ၂၂ ပေ၊ အမြင့် ၁၉ပေ ၄ လက်မရှိမည် ဖြစ်သည်။

အင်းစိန်ရထားလမ်းခုံးကျော် နှစ်လမ်းတံတား အဟောင်းကို နဝတအစိုးရ လက်ထက်တွင် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး အလျား ၈၀၅ ပေ၊ အမြင့် ၁၅ ပေသာ ရှိသည်။

Most read this week