မြန်မာနိုင်ငံရှိ လက်နက်ကိုင် ပဋိပက္ခများ ချက်ချင်း အဆုံးသတ်ရန် ကမ္ဘာ့ရပ်မိရပ်ဖအဖွဲ့ တောင်းဆို

မြန်မာနိုင်ငံရှိ လက်နက်ကိုင် ပဋိပက္ခများ ချက်ချင်း အဆုံးသတ်ရန် ကမ္ဘာ့ရပ်မိရပ်ဖအဖွဲ့ တောင်းဆို
by -
မဇ္စျိမ

 စစ်ပွဲများကို အဆုံးသတ်ရန်နှင့် အားလုံးပါဝင်သော ဖက်ဒရယ်နိုင်ငံသစ် တည်ဆောက်နိုင်ရန်  လက်ရှိအခွင့်အလမ်းကို ဖမ်းဆုပ်ကြပါဟု မြန်မာနိုင်ငံအတွင်း နှစ်ပေါင်း ၆၀ ကြာ ပဋိပက္ခတွင် ပါဝင်တိုက်ခိုက်နေကြသော အဖွဲ့များကို ကမ္ဘာ့ရပ်မိရပ်ဖအဖွဲ့ (The Elders) က တိုက်တွန်းလိုက်သည်။

The Elders အဖွဲ့၏ ဒီဇင်ဘာ ၁၂ ရက်မှ ၁၈ ရက်အထိ ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံ ခရီးစဉ်များအပြီး ဒီဇင်ဘာ ၁၈ ရက်တွင် ရန်ကုန်မြို့ ဆီဒိုနားဟိုတယ်၌ ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် ယခုလို ပြောကြားလိုက်ခြင်း ဖြစ်သည်။

The-Elders-2

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် ချုပ်ဆိုနိုင်ရေးအတွက် အသစ်တစ်ဖန် ကြိုးပမ်းမှုများနှင့် ပတ်သက်၍  “တိုက်ခိုက်မှုတွေကို ယခုချက်ချင်းနှင့် အပြီးသတ်ရပ်စဲခြင်းက ပထမခြေလှမ်းဖြစ်ရပါမယ်။ ဘက်ပေါင်းစုံ က ဒီလိုဆန္ဒရှိနေတယ်ဆိုတာကို ကျွန်တော်တို့ ခရီးစဉ်အတွင်းမှာ ကြားသိခဲ့ရပါတယ်။ ယုံကြည်အာားကိုး နိုင်လောက်တဲ့ စောင့်ကြည့်ထိန်းကျောင်းမှု စနစ်နဲ့ အခြား ယုံကြည်မှုတည်ဆောက်ခြင်း လုပ်ဆောင်ချက်တွေက ရေရည်တည်တံ့တဲ့ ငြိမ်းချမ်းရေး တည်ဆောက်နိုင်ဖို့ အထောက်အကူပေးပါလိမ့်မယ်” ဟု The Elders အဖွဲ့ဝင် မာတီအာတီဆာရီက ပြောသည်။

မြန်မာ စစ်ဗိုလ်ချုပ်ကြီးများ အနေဖြင့် အရပ်သား အုပ်ချုပ်မှုအတွက် လမ်းဖွင့်ပေးကာ နိုင်ငံသားများ ပါဝင်နိုင်သည့် ဒီမိုကရေစီစနစ်ဆီ အရောက်လှမ်းရန် အားထုတ်လုပ်ဆောင်မှုများ ဆက်လုပ်ရမည် ဆိုသည်ကို နားလည်သဘောပေါက်နိုင်စွမ်းရှိသည့် ဉာဏ်အမြော်အမြင် ကြီးကြသည်ဟုလည်း The Elders အဖွဲ့ဝင် ဟီနာဂျီလာနီက မှတ်ချက်ပြုပြောကြားခဲ့သည်။

The Elders အဖွဲ့၏ ယခုခရီးစဉ်တွင် သမ္မတ ဦးသိန်းစိန်၊ ကာ/ချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းတို့၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နှင့် တွေ့ဆုံခဲ့သည်။

ကာ/ချုပ် မင်းအောင်လှိုင်နှင့် The Elders အဖွဲ့ တွေ့ဆုံမှုတွင် မြန်မာနိုင်ငံ၏ ဖြေရှင်းရန် ခက်ခဲသော ရှုပ်ထွေးသည့် စိန်ခေါ်မှုများ အပေါ် သိရှိနားလည်ကြောင်း၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ များနှင့် တွေ့ဆုံရာတွင်လည်း Federal Union Army ဆိုသည်မှာ နိုင်ငံတကာတွင်

မရှိပါကြောင်းနှင့် သူတစ်လူငါတစ်မင်း လုပ်၍ မရသည်ကိုလည်း ရှင်းပြပါကြောင်း ၊ အပစ်အခတ်ရပ်စဲရေး အတွက် တပ်မတော်၏ ကြိုးပမ်းမှုများကိုလည်း သိရှိနားလည်ပါကြောင်း The Elders အဖွဲ့၏ ဒုတိယဥက္ကဋ္ဌ ဂရိုဟာလမ်ဘရန့်တ်လန်းက ပြောကြားခဲ့သည်ဟု ဒီဇင်ဘာ ၁၈ ရက်ထုတ် မြဝတီသတင်းစာတွင် ဖော်ပြခဲ့သည်။

The Elders အဖွဲ့ဝင်များသည် ၂၀၁၅ ခုနှစ်တွင် စစ်မှန်၍ လွတ်လပ်တရားမျှတသည့် ရွေးကောက်ပွဲ များ ဖြစ်မြောက်နိုင်မည့် အလားအလာ ကောင်းများအတွက် အားတက်ခဲ့ကြောင်း၊ နောက်နှစ် ရွေးကောက်ပွဲများ အတွင်း ၎င်းတို့၏ အဓိကကျသည့် အခန်းကဏ္ဍကို

ထမ်းဆောင်နိုင်ရန်အတွက် လွတ်လပ်မှုကို ရယူကျင့်သုံးနိုင်ရန် ပြည်တွင်းနှင့် ပြည်ပ ရွေးကောက် ပွဲ စောင့်ကြည့်လေ့လာသူများကိုခွင့်ပြုပေးရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကို တိုက်တွန်းခဲ့သည်ဟု ဆိုသည်။

The Elder အဖွဲ့သည် အမျိုးသားဒီမိုကရေစီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံကာ အခရာကျသည့် သူများအကြား မတူညီသော နောက်ခံအခြေအနေများ၌ နိုင်ငံတော်အဆင့် ဆွေးနွေးပြောဆိုမှုများ၏ အကျိုးကျေးဇူးနှင့် အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး၏ အရေးပါမှုတို့ကို ဆွေးနွေးခဲ့သည်ဟု ဆိုသည်။

ယခု မြန်မာနိုင်ငံ လာရောက်လည်ပတ်သည့် The Elders ကိုယ်စားလှယ်အဖွဲ့ကို ဂရိုဟာလမ် ဘရန့်တ်လန်းက (ယခင် နော်ဝေ နိုင်ငံခြားရေး ဝန်ကြီးဟောင်း၊ The Elders အဖွဲ့၏ ဒုတိယ ဥက္ကဋ္ဌ) က ဦးဆောင်ပြီး မာတီအာတီဆာရီ (ဖင်လန်နိုင်ငံ သမ္မတဟောင်း)၊ လက်ခ်ဒါ ဗရာဟီမီ (အယ်လ်ဂျီးရီးယား နိုင်ငံခြားရေး ဝန်ကြီးဟောင်းနှင့် ကုလသမဂ္ဂကိုယ်စားလှယ်) နှင့် ဟီနာဂျီလာနီ (ပါကစ္စတန် တရားလွှတ် တော်ချုပ် ရှေ့နေနှင့် လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူ)တို့ ပါဝင်သည်။  ယခုခရီးစဉ်သည် ၁၅ လအတွင်း The Elders အဖွဲ့၏ မြန်မာနိုင်ငံသို့ တတိယအကြိမ်မြောက် လာရောက်သည့် ခရီးစဉ်ဖြစ်ပြီး ၂၀၁၃ စက်တင်ဘာနှင့် ၂၀၁၄ မတ်လတို့တွင် လာရောက်ခဲ့ဖူးသည်။

Most read this week