ရသေ့တောင် ခြေတော်ရာ ဘုရားပွဲ ပြာသိုလဆန်း ၁၃ ရက်နေ့ စမည်

ရသေ့တောင် ခြေတော်ရာ ဘုရားပွဲ ပြာသိုလဆန်း ၁၃ ရက်နေ့ စမည်
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်မှ နာမည်ကြီး ဗုဒ္ဓပါဒခြေတော်ရာ ဘုရားပွဲတော်ကို ပြာသိုလဆန်း ၁၃ ရက်နေ့မှ စတင်ပြီး လပြည့်နေ့ထိ သုံးရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပ ပြုလုပ်သွားမည်ဟု သတင်း ရရှိသည်။

“ ပြည်တွင်းပြည်ပ သာသနာ့ပြု ဆရာတော် အလိုတော်ဆရာတော်ကြီးကို အမှူးပြုပြီး ပွဲတော်ကို  မြန်မာ သက္ကရာဇ်ဆိုရင် ပြာသိုလဆန်း ၁၃ ရက်နေ့ကနေ လပြည့်နေ့ထိ ၊ အင်္ဂလိပ်လိုဆိုရင် ဇန်နဝါရီ ၂ ရက်နေ့ကနေ ၄ ရက်နေ့ထိပေါ့၊ အထူစည်ကား သိုက်မြိုက်စွာ ကျင်းပသွားမှာ ဖြစ်ပါတယ်” ဟု အလိုတော်ပြည့် ဒုတိယ ပဌာန ဆရာတော် အရှင်ကုမာရက ပြောသည်။

buddha-narinjara1901

ဗုဒ္ဓပါဒ ခြေတော်ရာ ဘုရားပွဲတော်တွင် မြန်မာနိုင်ငံမှ နာမည်ကြီး သရုပ်ဆောင်များနှင့် အဆိုတော်များလည်း လာရောက်ဖြေဖျော်ကြမည်ဟု သိရသည်။

“ သရုပ်ဆောင် နေထက်လင်း၊ အကယ်ဒမီ ချစ်စနိုးဦး၊ ဆုပန်ထွှာ၊ ဧကရီမှူးပိုင်တို့ အပါအဝင် ရခိုင် အဆိုတော်တွေ ဖြစ်ကြတဲ့ ကိုကိုနိုင် (ဗျာလ) နဲ့ ကိုသန်းဆွေတို့ အပြင် တစ်ခြား ရခိုင်အဆိုတော်များလည်း လာရောက် ဖြေဖျော်ကြမှာ ဖြစ်ပါတယ်” ဟု ဆိုသည်။

တစ်ခြား နာမည်ကြီးအဆိုတော်များလည်း ဖိတ်ခေါ်ထားပြီး သူတို့နှင့်မူ ညှိနိုင်းနေတုန်း ဖြစ်နေ၍ နာမည်များကို မထုတ်ပြန်နိုင်သေးဟု သိရသည်။

ယင်းပြင် ညပွဲအနေဖြင့် ရတနာ သန်းအောင် ဇာတ်သဘင်မှ အက အလှ ပဒေသာ ကပွဲများဖြင့် သုံးညတိ တိ ဖြေဖျော်သွားမည်ဟု ပြောသည်။

ရသေ့တောင်မြို့နယ်တွင် ကျင်းပမည့် ဗုဒ္ဓပါဒ ခြေတော်ရာ ဘုရားပွဲတော်သို့ သွားရောက်လိုသူများ အနေဖြင့် စစ်တွေမြို့မှ ရေကြောင်းပို့ဆောင်ရေး ရေယာဉ်များနှင့်သာမက အမြန်ယာဉ်များနှင့်လည်း သွားရောက်နိုင်ကြသည်။ ၎င်းဘုရားမှာ ဘုရားရှင်ခြေတော်ရာ တည်ရှိသဖြင့် ခြေတော်ရာဟု နာမည်ကြီးပြီး စစ်တွေနှင့် ရသေ့တောင်မြို့ ရေလမ်းကြောင်း အကြားတွင် တည်ရှိသည်။

နှစ်စဉ်နှစ်တိုင်း ဘုရားပွဲတော်သို့ သောင်းနှင့်ချီသော ဒေသခံပြည်သူများ ပါ၀င် ဆင်နွှဲကြသည်ဟု သိရသည်။

Most read this week