ဒီဇင်ဘာ ၂၅ ရက်တွင် ကျရောက်မည့် ခရစ္စမတ်နေ့၌ လူစုလူဝေးဖြင့် စည်ကားသည့် အခမ်းအနားများ မလုပ်ရန်နှင့် ယင်းကာလအတွင်း စစ်ရေးသတိရှိကြရန် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဗဟိုဌာနချုပ်က ယခုရက်ပိုင်းအတွင်းကပင် ညွှန်ကြားချက် ထုတ်ထားသည်ဟု KIO အဖွဲ့၏ အထွေထွေ အတွင်းရေးမှူး (၂) လည်းဖြစ် ပြောရေး ဆိုခွင့် ရှိသူလည်း ဖြစ်သူ ဦးလနန်က မဇ္စျိမကို ဒီဇင်ဘာလ ၁၈ ရက်က ပြောသည်။
“အဲဒီ့ ညွှန်ကြားချက်ထုတ်တယ် ဆိုတာက ကျွန်တော်တို့ KIO ထိန်းချုပ် နယ်မြေအတွက်ပါ။ ဘာကြောင့်လဲဆိုတော့ လူစုလူဝေးနဲ့ ဘာသာရေး ပွဲလမ်းသဘင် အခမ်းအနားတွေ လုပ်တဲ့အခါမှာ အကယ်၍ အစိုးရတပ်ဘက်က မထင်မှတ်ဘဲနဲ့ လက်နက်ကြီးနဲ့ ပစ်ရင် ကျွန်တော်တို့ ဘက်က ထိခိုက်မှုတွေ နစ်နာမှုတွေ ဖြစ်လာနိုင်တယ်၊ ဒါကြောင့်မို့ ညွှန်ကြားထားတယ်ခင်ဗျ” ဟု ဦးလနန်က ပြောသည်။
ထိုသို့ ညွှန်ကြားချက်ထုတ်သည့် အထဲတွင် ကချင်လွတ်လပ်ရေးအဖွဲ့၏ တပ်ရင်း တပ်ဖွဲ့များအပြင် KIO ထိန်းချုပ်နယ်မြေ အတွင်းရှိ ရွာများနှင့် ဒုက္ခသည် စခန်းများအားလုံး အကြံုးဝင်မည်ဟု သူကပြောသည်။
သို့သော်လည်း မြောက်ပိုင်းတိုင်းတွင် တာဝန် ထမ်းဆောင်ခဲ့ဖူးသည့် အမည်မဖော်လိုသည့် အငြိမ်းစား ဗိုလ်ကြီး တစ်ဦးကမူ ၎င်း ညွှန်ကြားချက်သည် ကြောက်စိတ်နှင့် စိုးရိမ်စိတ်ကို အခြေခံ၍ ထုတ်ပြန်ခြင်း ဖြစ်နိုင် ကာ မြန်မာ့တပ်မတော်မှ ၎င်းကဲ့သို့ ခရစ္စမတ် အခမ်းအနား ပွဲတော်များအား တိုက်ခိုက်ရလောက်အောင် အတွေးအခေါ် မနိမ့်ဟု သုံးသပ်ပြောကြားသည်။
“သူတို့ (KIA) က ခလရ ၂၁၅ နဲ့ ၂၁၃ ကို ဝိုင်းတိုက် ထားတာကိုး၊ အဲဒါ ဆိုတော့ တစ်ဖက်က ကျွန်တော်တို့ တပ်မတော်က အခွင့်အရေးရရင် ပြန်တိုက်မှာလို့ တွေးပြီး စိုးရိမ်တာလည်း ဖြစ်မယ်၊ တစ်ဖက်က ပြန်ကြည့်ရင် ပွဲတော်ရက်တွေမှာ စစ်ရေးသတိရှိဖို့ ထုတ်ပြန်တာတော့ စစ်တပ် အတွက် အထူးအဆန်းတော့ မဟုတ်ပါဘူး၊ ဒါပေမယ့် တပ်မတော်က ခရစ်စမတ် ပွဲတော် ညမှာ ဝင်တိုက်ရလောက်အောင် အတွေးအခေါ် မနိမ့်ကျပါဘူး” ဟု ၎င်းက မဇ္စျိမကို ပြောသည်။
လာမည့် ဒီဇင်ဘာလ ၂၂ ရက်နှင့် ၂၃ ရက်တွင် ရန်ကုန်မြို့၌ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မီတီ (UPWC) နှင့် တိုင်းရင်းသားတို့၏ တစ်ပြည်လုံး အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့တို့အကြား တွေ့ဆုံရန် ရှိပြီး ၎င်းတွေ့ဆုံပွဲမှ နှစ်ဖက် မကျေလည်မှုများ ကို လျော့ချနိုင်မည်ဟု ကချင် ငြိမ်းချမ်းရေး အကျိုးဆောင် ဦးလမိုင်ဂွမ်ဂျာက မဇ္စျိမကို ပြောသည်။
“လောလောဆယ် နှစ်ဖက်စစ်ရေး အရ အရမ်းကြီး တင်းမာမှုတွေ ရှိနေတဲ့ အခြေအနေတွေ ဘာမှမရှိပါဘူး” ဟု ၎င်းက ပြောသည်။
KIO အနေဖြင့် လာမည့် အစိုးရနှင့် ညှိနှိုင်း ဆွေးနွေးပွဲများတွင် မတက်ရောက်ရန် ဆုံးဖြတ်ထားသည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည်ကို လည်း ဦးလနန်က ငြင်းဆိုခဲ့သည်။ သို့သော် အစိုးရနှင့် ကေအိုင်အိုတို့ နှစ်ဖက် ပဋိပက္ခညှိနှိုင်းဆွေးနွေးပွဲကိုမူ လိုင်ဇာ ဗိုလ်သင်တန်းကျောင်း အား ပစ်ခတ်ခဲ့သည့် ကိစ္စကို ဖြေရှင်းပြီး နောက်ပိုင်းမှသာ တွေ့ဆုံမည်ဟု ကေအိုင်အိုဘက်က ပြောကြားထားသည်။
ပြီးခဲ့သည့် ဒီဇင်ဘာ ၁၃ ရက်က ဖားကန့်မြို့နယ် အတွင်း အစိုးရ တပ်မတော် တပ်မ (၆၆) မှ ဒေသခံများ၏ သွားလာမှုကို ကန့်သတ်မှုများ လုပ်လာခဲ့သဖြင့်လည်း ဒေသခံများမှ တိုက်ပွဲ ထပ်မံ ဖြစ်ပွားမည်ကို စိုးရိမ်၍ ထွက်ပြေး တိမ်းရှောင် မှုများလည်း ရှိနေကြောင်း ဦးလနန်က ဆက်ပြောသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၁၉ရက်ကမူ ကေအိုင်အို၏ ဗိုလ်သင်တန်းကျောင်းအား အစိုးရတပ်က လက်နက်ကြီးဖြင့် ပတ်ခတ်ခဲ့ပြီး နောက်ပိုင်း ၌ နှစ်ဖက် စစ်ရေးတင်းမာမှု ပြန်လည် မြင့်မားလာခဲ့သည်။
ယင်းအပြင် ရှမ်းပြည်မြောက်ပိုင်းရှိ တအာင်း TNLA ၊ KIA တပ်မဟာ (၄) နှင့် ကိုးကန့် တပ်ပေါင်းစုများနှင့် အစိုးရတပ်တို့ ဒီဇင်ဘာလ ၈ရက်က ကျောက်မဲ မြို့နယ်အတွင်း၌ လည်းကောင်း၊ ဒီဇင်ဘာလ ၁၀ ရက်က ကွတ်ခိုင်မြို့နယ် တာမိုးညဲ၌ လည်းကောင်း အစိုးရ တပ်မ (၇၇) လက်အောက်ခံ တပ်ရင်းများနှင့် ရက်ဆက်ပင် တိုက်ပွဲ ဖြစ်ပွားခဲ့ကြသည်။ တိုက်ပွဲများအတွင်း အစိုးရဘက်မှ ရဦး ကျဆုံးကာ ၂၀ဦး ဒဏ်ရာရရှိခဲ့သည်ဟု တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက ဒီဇင်ဘာ ၁၃ရက်က ထုတ်ပြန်ထားသည်။
သို့သော် ဒီဇင်ဘာလ ၁၅ ရက်မှ ၁၈ ရက်အတွင်း ရှမ်းပြည်မြောက်ပိုင်း ဒေသတွင် တိုက်ပွဲများ ငြိမ်သက်လျက်သည်။