သမီးဖြစ်သူ သေဆုံးမှုတိုင်းကြားသည့် ဖခင်အား တပ်က တရားစွဲဆိုမှု ရုတ်သိမ်းပေးရန် Fortity Rights တောင်းဆို

သမီးဖြစ်သူ သေဆုံးမှုတိုင်းကြားသည့် ဖခင်အား တပ်က တရားစွဲဆိုမှု ရုတ်သိမ်းပေးရန် Fortity Rights တောင်းဆို
by -
မဇ္စျိမ

 ကချင်ပြည်နယ် ဖားကန့်မြို့၊ မှော်ဝမ်းရပ်ကွက်အုပ်စု (၁) ဆွတ်ငိုင်ယန်ကျေးရွာမှ ကိုးတန်းကျောင်းသူ မဂျာဆိုင်းအိန် သေဆုံးမှုကို တိုင်ကြားသည့် ဖခင် ဦးဘရန်ရှောင်အား စစ်တပ်က တရားစွဲဆိုထားမှုကို ရုပ်သိမ်းပေးရန် မြန်မာအပါအဝင်၊ အရှေ့တောင်အာရှတွင် လူ့အခွင့်အရေးချိုးဖော်မှုများကို အကာအကွယ်ပေးနေသည့် Fortify Rights အဖွဲ့ အပါအဝင် နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့အစည်းများက သမ္မတ ဦးသိန်းစိန်ထံ ဒီဇင်ဘာ ၁၈ ရက်က အိတ်ဖွင့်ပေးစာပို့၍ တောင်းဆိုလိုက်သည်။

“ဦးဘရန်ရှောင်ကို ပြစ်မှုနဲ့ တရားစွဲတာဟာ မြန်မာစစ်တပ်၊ တရားစီရင်ရေး နဲ့ လူ့အခွင့်အရေး ကော်မရှင်တို့ အတွင်းမှာ လူ့အခွင့်အရေးကို လျစ်လျူရှုတဲ့ အစဉ်အလာ တစ်ရပ်ကို မီးမောင်းထိုး ဖော်ပြနေပါတယ်” ဟု Fortify Rights ၏ အမှုဆောင်ဒါရိုက်တာ Matthew Smith က ဆိုသည်။ “အာဏာပိုင်တွေ ဟာ ပြစ်မှုတွေ ကျူးလွန်ကြတဲ့ စစ်သားတွေကို အပြစ်ပေးသင့်တာပါ။ ဦးဘရန်ရှောင်လိုမျိုး အမှန်တရား နဲ့ တရားမျှတမှုအတွက် ကြိုးပမ်းနေကြသူတွေကို လက်တုံ့ပြန်ရမှာ မဟုတ်ပါဘူး” ဟု ပြောဆိုထားသည်။

ဒီဇင်ဘာလ ၁၈ ရက်က သမ္မတ ဦးသိန်းစိန်ထံ စာမျက်နှာ ၄ မျက်နှာပါရှိသော အိတ်ဖွင့်စာကို Fortify Rights, လူ့အခွင်အရေး စောင့်ကြည့်ရေးအဖွဲ့ (Human Rights Watch), အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီး (Amnesty International), လူ့အခွင့်အရေးအတွက် ဆရာဝန်များအဖွဲ့(Physicians for Human Rights), The International Commission of Jurists, The Harvard Law School International Human Rights Clinic တို့က ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁၃ ရက်က မဂျာဆိုင်းအိန် သေဆုံးခဲ့ပြီးနောက် ဖခင် ဦးဘရန်ရှောင်က ယင်းဖြစ်ရပ်ကို အောက်တိုဘာလ ၁ ရက်တွင် အမျိုးသားလူ့အခွင့်အရေးကော်မတီထံ တိုင်တန်းခဲ့သည်ကို  မမှန်မကန် တိုင်းတန်းသည်ဟု ဆိုကာ အစိုးရ၏ ဒု-စစ်ဆင်ရေးမှူး ဗိုလ်မှူး ဇာနည်မင်းပိုက်က ဖားကန့်မြို့နယ် တရားရုံးတွင် ပုဒ်မ ၂၁၁ ဖြင့် တရားစွဲခဲ့သည်။ ၂၀၁၃ ခုနှစ် ဧပြီလ ၈ ရက်တွင် ဖားကန့်မြို့နယ် တရားရုံးက ကျပ်ငွေ ခြောက်သိန်းဖြင့် အာမခံ ပေးခဲ့ပြီး အမှုကို ဆက်လက်ရင်ဆိုင်နေရခြင်းဖြစ်သည်။

တိုင်ကြားစာတွင် အင်အား ၈၀ ခန့်ပါင်ဝသော ခလရ ၃၈၉ စစ်ကြောင်းသည် အခင်းဖြစ်ပွားသည့်နေ့ က မှော်ဝမ်းရပ်ကွက်တွင် နားနေခဲ့ပြီး ညနေပိုင်း ၄ နာရီခန့်တွင် ရွာပြင်ထွက်ရန် ပြင်ဆင်နေစဉ် ပေါက်ကွဲသံ ကြားသဖြင့် KIO တပ်များဟု ထင်မှတ်ကာ ယင်းရွာအတွင်း ပစ်ခတ်ခဲ့သည်ဟု ဦးဘရန်ရှောင်၏ တိုင်ကြားစာတွင် ပါရှိသည်။

၎င်းးဖြစ်စဉ်အပေါ် သမ္မတ ဦးသိန်းစိန်နှင့် တရားဥပဒေ စိုးမိုးရေးနှင့် အေးချမ်းတည်ငြိမ်ရေးကော်မရှင် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တို့ထံ တိုင်ကြားခဲ့သော်လည်း ယနေ့ထိ အကြောင်းပြန်လာခြင်း မရှိသေးပေ။

Fortify Rights အဖွဲ့သည် ၂၀၁၄ ခုနှစ် သြဂုတ်လမှ စက်တင်ဘာလအတွင်း မဂျာဆိုင်းအိန်သေဆုံး မှုနှင့် ပတ်သက်၍ ဖခင်ဖြစ်သူနှင့် မဂျာဆိုင်းအိန် သေဆုံးမှုကို မျက်မြင်သက်သေ ၅ ဦးတို့ကိုလည်း မေးမြန်းခဲ့ သဖြင့် မဂျာဆိုင်းအိန် သေဆုံးမှုသည် မြန်မာအစိုးရ စစ်တပ်အနေဖြင့် တာဝန်ရှိကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ဒီဇင်ဘာလ ၆ ရက်က ဦးဘရန်ရှောင်နှင့် သမီးဖြစ်သူ မဂျာဆိုင်းအိန်သေဆုံးမှုအတွက် ဖြစ်ရပ် မှန် ဖော်ထုတ်ရေးကော်မတီတို့က ရန်ကုန်မြို့တွင် သတင်းစားရှင်းလင်းပွဲ ပြုလုပ်၍ အစိုးရက လွတ်လပ်ပြီး မျှတသည့် ကော်မရှင် တစ်ရပ်ဖွဲ့စည်းကာ သမီးဖြစ်သူအား ပစ်ခတ်ခဲ့သော တပ်ဖွဲ့အား စုံစမ်း စစ်ဆေးပေးရန်လည်း တောင်းဆိုခဲ့သည်။

“ကော်မတီတွေကနေ လုပ်သင့်တာ လုပ်နေတာ ဖြစ်တယ်။ ကျွန်တော့်အနေနဲ့ အမှန်တရားကို ဒီဇင်ဘာလ ၆ ရက်မှာ ရှင်းလင်းခဲ့တယ်။ တရားမမျှတဲ့ ကော်မရှင်တရပ်ဖွဲ့ပြီး စုံစမ်းပေးဖို့ လိုလားတယ်။ အမှန်တရား ဘက်ကနေ စစ်ဆေးပေးရင်တော့ ကျွန်တော့်ကို စွဲထားတဲ့ အမှုကလည်း အလိုလိုပယ်သွားမယ်”ဟု ဦးဘရန်ရှောင်က ပြောသည်။

ပထမဆုံး ရုံးချိန်းတွင် တရားလို ဒု-စစ်ဆင်ရေးမှူး ဗိုလ်မှူး ဇာနည်မင်းပိုက်က မဂျာဆိုင်းအိန် သေဆုံးမှုသည် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ၏ မိုင်းဗုံးကြောင့် သေဆုံးခြင်း ဖြစ်သည်ဟု တရားရုံးတွင် ထွက်ဆိုခဲ့သည်ဟု သူက ဆိုသည်။

၂ နှစ်ကျော်ကြာ ဦးဘရန်ရှောင် တရားစွဲဆိုမှုကို ဒီဇင်ဘာလ ၁၅ ရက်က ရုံးချိန်းတွင် တရားလို ရောက်လာခြင်း မရှိသဖြင့် စစ်ဆေးခြင်း မရှိဘဲ ၄၉ ကြိမ်မြောက် ရုံးချိန်းကို လာမည့် ဒီဇင်ဘာလ ၃၀ ရက်တွင် ထပ်မံပေးထားသည်ဟု သိရသည်။

Most read this week