သီပေါမြို့နယ် ရဲကင်းတခုအား အမည်မသိ လက်နက်ကိုင် ဆိုင်ကယ်သမား ဝင်ရောက် ပစ်ခတ်သည့် နောက်ပိုင်း အဆိုပါရဲကင်း၌ စစ်တပ်မှ လာရောက် အစားထိုးကာ ၎င်းတို့နှင့် အတူ ရွာသား များအား နေ့ရောညပါ ၂ ယောက်စီ အလှည့်ကျ ကင်းစောင့် ခိုင်းသည်ဟု ရွာသားများက ပြောသည်။
ဒီဇင်ဘာ ၁၁ ရက်နေ့က သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့မှ နမ့်လန်အသွားလမ်း ၉ မိုင်အလွန် လားရှိုးလမ်းခွဲ ခိုလုံရွာ နမ့်လန်းတံတားစောင့် ရဲကင်းတခုအား အမည်မသိ လက်နက်ကိုင် ဆိုင်ကယ်သမားက ဝင်ရောက် ပစ်ခတ်ရာ ရဲတပ်ကြပ်တဦးသေဆုံးပြီး တဦးဒဏ်ရာရရှိခဲ့သည်။ ထိုနောက်ပိုင်း အဆိုပါ တံတား ကင်းစခန်း၌ တင့်ကားတပ်ရင်းအမှတ် ၅၀၀၃ နှင့် ခလရ ၁၄၇ ပူးပေါင်းတပ်တို့က ရဲတပ်ဖွဲ့အစား ဝင်ရောက်စခန်းချ နေထိုင် ရာ ၎င်းတို့နှင့်အတူ ခိုလုံရွာသား နေ့ ၂ ဦး၊ ည ၂ ဦး ဆင့်ခေါ်ကင်းစောင့်ခိုင်းသည်ဟု အမည်မဖေါ် လိုသည့် သီပေါသားတစ်ဦးက ဤကဲ့သို့ ပြောသည်။
“ဒုရဲအုပ် အဆင့် ဦးဆောင်တဲ့ တပ်စု ၄ - ၅ ယောက်လောက်ရှိမယ် ။ အပစ်ခံရပြီးနောက်ပိုင်း စစ်တပ်က စခန်းလာထိုင်တယ်။ အဲဒီ့နေ့က စပြီး ရွာသားတွေကို နေ့ရောညပါ တွဲပြီးကင်းစောင့်ခိုင်းတယ်။ သူတို့က သေနတ်ကိုင်ပြီးကြောက်နေတယ်။ အခုက ကိုယ့်ထမင်းကိုယ်ထုပ်ပြီး သူတို့နဲ့အတူ ကင်းသွားစောင့်ရတယ်။ ရွာသားတွေကို သူတို့ရဲ့အကာအကွယ်အဖြစ် အသုံးပြုနေတာ” ဟု ပြောသည်။
ဝင်ရောက်ခြေချနေထိုင်သည့် တပ်ဖွဲ့သည် နားကန်ရွာအခြေစိုက် ယခင် အမှတ် ရ၀၁၄ သံချပ်ကာတပ်ရင်း ဖြစ်ပြီး လက်ရှိတွင် အမှတ် ၅၀၀၃ တင့်ကားတပ်ရင်းအဖြစ် တိုးချဲ့ဖွဲ့စည်းထား၏။ ၎င်းတို့နှင့်အတူ နမ့်တူ အခြေ စိုက် ခြေလျင်တပ်ရင်း အမှတ် ၁၄၇ လှုပ်ရှားစစ်ကြောင်းလည်း ပါဝင်သည်ဟု ဒေသခံများကပြောသည်။
ပစ်ခတ်ခံရသည့် ကင်းစောင့်ရဲတပ်ဖွဲ့သည် ခရီးသွားများအပေါ် ရိုင်းပျစွာပြောဆိုဆက်ဆံသောကြောင့် နှစ်ကြိမ်ထက်မနည်း ချောင်းမြောင်းရိုက်နှက်ခံခဲ့ရဖူးသည်ဟုလည်း သိရသည်။
အဆိုပါဒေသသည် သျှမ်းပြည်တပ်မတော် SSPP/SSA လှုပ်ရှားနယ်မြေဖြစ်သောကြောင့် ပစ်ခတ်မှုအား ၎င်းတို့နှင့်ပတ်သက်ဆက်နွယ်မှုရှိမရှိ စုံစမ်းစစ်ဆေးသွားမည်ဟု သီပေါရဲတပ်ဖွဲ့များက မီဒီယာများ အားပြောကြားသည်။