တက္ကသိုလ်တိုင်း လွတ်လပ်စွာ စီမံခွင့်ရှိမည့် အချက်များ ပညာရေး ဥပဒေတွင် ထည့်သွင်း

တက္ကသိုလ်တိုင်း လွတ်လပ်စွာ စီမံခွင့်ရှိမည့် အချက်များ ပညာရေး ဥပဒေတွင် ထည့်သွင်း
by -
မဇ္စျိမ

တက္ကသိုလ်တိုင်း၏ လွတ်လပ်စွာ စီမံခွင့်ကို အချက်လေးချက်ဖြင့် အကောင်အထည်ဖော်ရန် အဆင့်မြင့် ပညာဥပဒေတွင် ထည့်သွင်းထားကြောင်း ပညာရေးဝန်ကြီး ဒေါက်တာခင်စန်းရီက ပြောသည်။

ဒီဇင်ဘာလ ၁၆ ရက်က ရန်ကုန်တက္ကသိုလ်၊ စိန်ရတုခန်းမတွင် ပြုလုပ်သည့် အမျိုးသားပညာရေး ဥပဒေဆိုင်ရာ ကဏ္ဍအလိုက် ဥပဒေကြမ်းများ ရှင်းလင်းခြင်းနှင့် အမျိုးသားပညာရေး စီမံကိန်းရေးဆွဲ ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွင် အထက်ပါအတိုင်းပြောကြား လိုက်ခြင်းဖြစ်သည်။

လက်ရှိရေးဆွဲနေသည့် အဆင့်မြင့်ပညာရေး ဥပဒေမူကြမ်းတွင် တက္ကသိုလ်များ လွတ်လပ်စွာ စီမံခန့်ခွဲခွင့် အချက်လေးချက်ဖြစ်သည့် ဘဏ္ဍာရေးလွတ်လပ်ခွင့်၊ ဘာသာရပ်ဆိုင်ရာ လွတ်လပ်ခွင့်၊ လွတ်လပ်စွာ စီမံခန့်ခွဲခွင့်နှင့် ဆရာ၊ ဆရာမ ခန့်ထားရေး စီမံခန့်ခွဲခွင့်များဖြင့် အကောင်အထည်ဖော်မည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးက ပြောကြားလိုက်သည်။

အမျိုးသားပညာရေး ဥပဒေအရ ပေါ်ပေါက်လာမည့် တက္ကသိုလ် ပဋိညာဉ်ကို တက္ကသိုလ်တိုင်းက လွတ်လပ် စွာရေးဆွဲခွင့်ရမည်ဖြစ်ပြီး တက္ကသိုလ်တိုင်းက လွတ်လပ်စွာ ပဋိညာဉ်ရေးဆွဲခွင့်ရှိသော်လည်း ထိုတက္ကသိုလ်များကို လွတ်လပ်စွာ စီမံခွင့်ပေးသည့် အခါတွင် ပြန်လည်ထိန်း ကျောင်းနိုင်မည့် လိုအပ်သည့် ကော်မတီ၊ ကော်မရှင်များကို ဖွဲ့စည်းရေးနှင့် ပတ်သက်၍ သုံးရက်ကြာကျင်းပမည့် အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်လာသည့် ပညာရှင် ၃၉၃ ဦးက ဆွေးနွေးကြမည်ဖြစ်သည်။

ဝန်ကြီး ဒေါ်ခင်စန်းရီက “ပညာရေး ဝန်ကြီးဌာနက ဘာလုပ်မှာလဲ၊ ကော်မတီ၊ ကော်မရှင်က ဘာလုပ်မှာလဲ၊ တက္ကသိုလ်မှာ ဘယ်လို ဖွဲ့စည်းမလဲဆိုတာ နည်းဥပဒေတွေရေးဆွဲမှာ ဖြစ်ပါတယ်”ဟု ပြောသည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို ဒီဇင်ဘာလ ၁၆ ရက်မှ ၁၈ရက်အထိ သုံးရက်ကြာ ကျင်းပမည်ဖြစ်ပြီး ထိုအ လုပ်ရုံဆွေးနွေးပွဲတွင် အမျိုးသား ပညာရေး ဥပဒေမှ ပေါ်ထွက်လာမည့် နည်းဥပဒေတွင် ပါ၀င်ရေးဆွဲရမည့် အချက်အလက်များအပြင် အမျိုးသားဥပဒေနှင့် ဆက်စပ် ဥပဒေများဖြစ်သည့် အဆင့်မြင့် ပညာရေး ဥပဒေ၊ မသင်မနေရ ပညာရေး ဥပဒေ၊ အခြေခံပညာရေး ဥပဒေ၊ ဆရာအတတ်သင် ပညာရေး ဥပဒေ၊ ပုဂ္ဂလိက ပညာရေးဥပဒေနှင့် အသက်မွေးပညာရေး ဥပဒေမူကြမ်းများကို ပညာရှင် ၃၉၃ ဦးကျော်က သုံးရက်ကြာ ဆွေးနွေးကြမည် ဖြစ်သည်။

ကျောက်ဆည်တက္ကသိုလ် ပါမောက္ခ ချုပ်ဒေါက်တာမြင့်လွင်က “တက္ကသိုလ်အလိုက် ပဋိညာဉ် ရေးဆွဲရပါ မယ်။ ရေးဆွဲတဲ့ အပိုင်းမှာ အုပ်ချုပ်ခွင့်နဲ့ လွတ်လပ်စွာ စီမံခွင့်အပိုင်းတွေပါလာမှာ ဖြစ်ပါတယ်။ ဘာတွေကို အဓိကရေးဆွဲရမလဲဆိုရင် တက္ကသိုလ်ကောင်စီ၊ အုပ်ချုပ်မှု အဖွဲ့အစည်းတွေ၊ ဆရာ၊ ဆရာမများ အသင်းတွေ၊ ဆရာဟောင်းများ အသင်း၊ ကျောင်းသား ယူနီယံတွေကို ထည့်သွင်း ရေးဆွဲရမှာ ဖြစ်ပါတယ်” ဟု ပြောသည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ ဘက်စုံလွှမ်းခြံုနိုင်သော ပညာရေးကဏ္ဍလေ့လာ သုံးသပ်ရေးလုပ်ငန်း အဖွဲ့ (CESR) များ၊ ပညာရေးမြှင့်တင်မှု အကောင်အထည်ဖော်ရေး ကော်မတီဝင်များ၊ တက္ကသိုလ် ၁၆၉ ခုမှ ပါမောက္ခချုပ်များနှင့် ပြင်ပပညာရှင်များ ပါဝင်ဆွေးနွေးခဲ့ကြသည်။

Most read this week