ကုန်သည်များအတွက် အဆင်မပြေသော ရာသီ

ကုန်သည်များအတွက် အဆင်မပြေသော ရာသီ
by -
တလလဝီ၊ မင်းအာသံ
မြဝတီမှ နယ်အသီးသီးသို့ ပစ္စည်းများ သယ်ယူပို့ဆောင်နေသော (၁၂) ဘီးကားများနှင့် (၁ဝ) ဘီး ကားကြီးများသည် (မထသ) နယ်မှူး၏ မိန့်အရ (၆) လ ပိုင်းအစတွင် ကုန်ပစ္စည်းများ ကား အပြည့်တင်ခြင်းကို စတင်ကန့်သတ်ခဲ့သည်ဟု ကုန်သည်အများစုက ပြောကြ ...

မြဝတီမှ နယ်အသီးသီးသို့ ပစ္စည်းများ သယ်ယူပို့ဆောင်နေသော (၁၂) ဘီးကားများနှင့် (၁ဝ) ဘီး ကားကြီးများသည် (မထသ) နယ်မှူး၏ မိန့်အရ (၆) လ ပိုင်းအစတွင် ကုန်ပစ္စည်းများ ကား အပြည့်တင်ခြင်းကို စတင်ကန့်သတ်ခဲ့သည်ဟု ကုန်သည်အများစုက ပြောကြသည်။

(မထသ) နယ်မှူးမှ ကုန်တင်ကားများကို အလေးချိန်ကန့်သတ်ထားသော်လည်း ဂိတ်ကြေးများက ယခင်ကအတိုင်း ပေးဆောင်နေရသောကြောင့် ကုန်သည်များက အဆင်မပြေဖြစ်နေကြသည်ဟု ပြောသည်။

“ရန်ကုန် ကုန်တင််တဲ့ (၁၂) ဘီးကားကို ပစ္စည်းလျှော့ခိုင်းတယ်၊ ခါတိုင်းဆိုရင် ကားအပြည့်ပိတ် တင်လို့ရတယ်၊ အခု ကားကိုယ် ထက်ဝက်လောက်ပဲ ရတယ်။ ဒါပေမယ့် ဂိတ်ကြေးတွေကို မလျှော့ပဲ ဒီအတိုင်းပဲ ဆက်ကောက်နေတော့ အမြတ်ဘယ်ရှိတော့မလဲ” ဟု ကုန်သည်တစ်ဦးက ပြောသည်။

ဘတ်စျေးလည်း တက်နေသောကြောင့် မဲဆောက်ဘက်ကမ်းတွင် ဘတ် ၁ဝဝ လောက် ဝယ်ထားလျှင် ရန်ကုန်တွင် (၁ဝ၅) ဘတ် လောက်ပဲရတယ်၊ အမြတ်မရတဲ့အပြင် ကိုယ့်ပိုက်ဆံပါ စိုက်လိုက်ရတယ်” ဟု ကုန်တင်ပို့ချနေသော ကုန်သည်တစ်ဦးက ပြောသည်။

နှစ်တိုင်းပင် မိုးရာသီရောက်တိုင်း ကားအန္တရာယ်ဖြစ်မည် စိုးသောကြောင့် ကုန်ပစ္စည်းများ ကားအပြည့်တင်ဆောင်မှုကို ကန့်သတ်ခြင်းသာ ဖြစ်သည်ဟု အာဏာပိုင်များက ပြောသည်။ မိုးရာသီကုန်ဆုံးချိန် (၁ဝ) လပိုင်းနှင့် (၁၁) အကြားတွင် ပြန်ပြီး ခွင့်ပြုသည်ဟု ကုန်သည်တစ်ဦးက ဆိုသည်။

သို့သော် အစိုးရအကောက်ခွန်ဌာန အသင်းဝင်ကုန်သည်များကမူ ကားအပြည့်တင်ဆောင် ခွင့်ရှိသည်ဟု ကုန်သည်တစ်ဦးက ဆိုသည်။

"ကျွန်မတင်တဲ့ကားတွေကို ပစ္စည်းများများမပေးသယ်ခိုင်းဘူး၊ သယ်ရင် မြဝတီမြို့ စီးပွားရေးဇုန်က ပေးမသွားဘူးလို့ ပြောထားတယ်၊ အစိုးရအကောက်ခွန်ဌာနအသင်းဝင် ကုန်သည်ကားတွေက (၁၂) ဘီးကား အပြည့်တင်လို့ရတယ်။ ဒီလိုမျိုး သူတို့လုပ် လိုက်တော့ ကုန်ရောင်းတဲ့သူများများ ၄င်းတို့ဆီမှာပဲ ပစ္စည်းသွားပေးနေတော့ ကျွန်မတို့က ပစ္စည်းတွေမရတာတခြား၊ ကားအပြည့် တင်လို့မရတာတခြား ဖြစ်နေတော့ ဒုက္ခရောက်တာပေါ့” ဟု ကုန်သည်တစ်ဦးက ပြောသည်။

မြဝတီမြို့မှ ရန်ကုန်အထိ ကုန်တင်းကားတစ်စီးလျှင် အကောက်ခွန်ကြေး ရ သိန်းနီးပါးခန့် ပေးဆောင်ရသည်ဟု သိရသည်။