UNA ညီလာခံ၌ နိုင်ငံရေး ဆွေးနွေးမှု မူဘောင် မူကြမ်း SNLD တင်ပြမည်

UNA ညီလာခံ၌ နိုင်ငံရေး ဆွေးနွေးမှု မူဘောင် မူကြမ်း SNLD တင်ပြမည်
by -
သျှမ်းသံတော်ဆင့်

ညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့ (UNA) ညီလာခံ၌ သျှမ်း တိုင်းရင်းသား ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) မှ ရေးဆွဲ ထားသည့် နိုင်ငံရေး ဆွေးနွေးမှု မူဘောင် မူကြမ်း တင်ပြသွားမည် ဖြစ်ကြောင်း SNLD ပြော ခွင့်ရ ပုဂ္ဂိုလ် စိုင်းလိတ်က ပြောသည်။

SNLD မှ ရေးဆွဲ နေသည့် နိုင်ငံရေး ဆွေးနွေးမှု မူဘောင် မူကြမ်းအား လ နှင့်ချီ၍ အချိန်ယူရေးဆွဲရကြောင်း (UNA)  ညီလာခံ၌ တင်ပြ နိုင်ရန် အပြီးသတ် ရေးဆွဲ နေကြောင်း၊ တခြား အုပ်စု ရေးဆွဲ နေသော နိုင်ငံရေး ဆွေးနွေးမှု မူဘောင် မူကြမ်းနှင့် မတူဘဲ နိုင်ငံရေး ဆွေးနွေးမှု ၊ တစ်ပြည်လုံး အပစ်ရပ်နိုင်မှုများအား ပြိုင်တူသွားရန် ရေးဆွဲ ထားကြောင်း မူကြမ်းရေးဆွဲရေးကော်မတီမှ စိုင်းထွန်းအေးက ပြောသည်။

SNLD Logo

“နိုင်ငံရေး ဆွေးနွေးမှု မူဘောင်ကို ဒီဇင်ဘာ ၂၀ နဲ့ ၂၁ ရက် အကြို ညီလာခံမှာ ဆွေးနွေးမယ်။” ဟု SNLD ၏ ပြောခွင့်ရ ပုဂ္ဂိုလ် စိုင်းလိတ်ကဆိုသည်။

ယင်းနိုင်ငံရေးဆွေးနွေးမှုမူဘောင်ကို UNA မှ လက်ခံနိုင်လျှင် UNA မူဖြစ်သွားမည်ဟု ၎င်းကဆိုသည်။

UNA အဖွဲ့ဝင် ရခိုင်အမျိုးသားပါတီအဖွဲ့မှ ဦးအေးသာအောင်က နိုင်ငံရေး ဆွေးနွေးပွဲ အတွက် နိုင်ငံရေး မူဘောင်သည် အရေးကြီးကြောင်း ဆိုသည်။

“SNLD မှ နိုင်ငံရေးမူဘောင်တခုကို တင်ပြမယ်ဆိုရင်တော့ကောင်းပါတယ်” ဟု ၎င်းကဆိုသည်။

နိုင်ငံရေးဆွေးနွေးမှု မူဘောင် မူကြမ်းများအား အစိုးရသော်လည်းကောင်း၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD မှလည်းကောင်း၊ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့် နယ်စပ်အခြေစိုက် လူမှုအဖွဲ့အစည်းများစုပေါင်း သည့် တိုင်းရင်းသား ပူးပေါင်း ဆောင်ရွက်ရေး လုပ်ငန်းကော်မတီ WGEC ကလည်းကောင်း အသီးသီး ရေးဆွဲထား ကြသည်။

ညီညွတ်သော တိုင်းရင်းသားလူမျိုးများမဟာမိတ်အဖွဲ့ UNA ညီလာခံကို ဒီဇင်ဘာ ၂၀ မှ ၂၄ ရက်နေ့အထိ ရန်ကုန်မြို့၌ကျင်းပမည်ဖြစ်ရာ နိုင်ငံရေးပါတီများ လက်နက်ကိုင် အဖွဲ့ အစည်းများ လူထု အခြေစိုက် အဖွဲ့ အစည်း များလည်း တက်ရောက်မည် ဖြစ်ကြောင်း သိရသည်။

ညီညွတ်သော တိုင်းရင်းသားလူမျိုးများမဟာမိတ်အဖွဲ့ UNA သည် ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရပါတီများဖြင့် ဖွဲ့စည်းထားသည်။ ထိုအထဲတွင် သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) လည်းပါဝင်သည်။