ဆံတော်ရှင်ဘုရားသွားလမ်း ကျပ်သန်း ၅၈၅ အကုန်ကျခံ ကတ္တရာခင်းမည်

ဆံတော်ရှင်ဘုရားသွားလမ်း ကျပ်သန်း ၅၈၅ အကုန်ကျခံ ကတ္တရာခင်းမည်
by -
နိရဥ္စရာ

စစ်တွေမြို့တစ်ဘက်ကမ်းရှိ ပေါက်တောနယ် သဲခုံကျေးရွာမှ ဆံတော်ရှင်ဘုရားထိ လမ်းကို ၂၀၁၅-၂၀၁၆ တွင် အပြီးသတ် ကတ္တရာခင်းပြီး အဆင့်တိုးမြှင့် တည်ဆောက်သွားမည် ဟု မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စိုးလွင်က အတည်ပြု ပြောကြားသည်။

“လာမယ့်နှစ် ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်မှာ ဖောက်လုပ်ဖို့လျာထားထားတာပေါ့။ အဲဒီနှစ်မှာပဲ အပြီးဖောက် လုပ်သွားမယ်”ဟု ယင်းက ဆိုသည်။

sandawshin

သဲခုံကျေးရွာမှ ဆံတော်ရှင်စေတီတော်တောင်ခြေအထိ အရှည်မိုင် ၂၂ မိုင် ရ ဖာလုံရှိသော အဆိုပါလမ်းကို အနောက်ဖရုံကာကျွန်း ပင်လယ်ဘက်အခြမ်းမှ စတင်ဖောက်လုပ်သွားမည်ဖြစ်ပြီး ယင်းလမ်းကို ပြည်နယ်အစိုး ရရန်ပုံငွေ ကျပ် ၅၈၅ သန်းကျော်ဖြင့် ဖောက်လုပ်ပေးခြင်းဖြစ်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးက ဆိုသည်။

“ကျွန်တော်တို့မြို့နယ်အတွင်းမှာ အရှေ့ဖရုံကာ၊ အနောက်ဖရုံကာနဲ့ အလယ်ဖရုံကာဆိုပြီး ကျွန်းသုံးကျွန်း ရှိတယ် လေ။ အဲဒီကျွန်းတွေပေါ်ကကျေးရွာတွေဖွံ့ဖြိုးဖို့အတွက် အခုလို ဖောက်လုပ်ဖို့ စီစဉ်ရတာပါ”ဟု သူ ဆက်ပြောသည်။

အဆိုပါလမ်းကို လာမည့်နှစ်၊ ဒီဇင်ဘာလတွင်ပြုလုပ်မည့် ဆံတော်ရှင်ဘုရားပွဲအမီ အပြီးသတ်ဖောက်လုပ်ပေး သွားမည်ဟုလည်း သူက ဆိုသည်။

ယခုကဲ့သို့ကားလမ်းဖောက်လုပ်ပေးရန်စီစဉ်နေမှုအပေါ် ပေါက်တောဒေသခံတစ်ဦးဖြစ်သူ ဦးကျော်ဝင်းက သူ၏ အမြင်ကို ယခုလိုပြောသည်။

“လမ်းဖောက်ရင် လမ်းနဲ့တူအောင်၊ အသုံးပြုလို့ရအောင်ဖောက်စေချင်တယ်။ အခုက ရခိုင်မှာ လမ်းတွေ ဖောက်တယ်လို့ ပြောတယ်။ လမ်းကြောင်းချလိုက်တယ်။ သိန်းကို ၅ ထောင်ချပေးတယ်၊ ၆ ထောင် ချပေးတယ်နဲ့။ ဒါပေမယ့် သိန်းတစ် ထောင်တောင် တန်ဖိုးမရှိတဲ့လမ်းတွေဖြစ်နေကြတယ်။ ကျောက်သား လမ်းဖောက်ရင် အောက်က မြေသားတွေပေါ်နေ ပြီ၊ မြေသားလမ်းလုပ်ရင် သွားလို့မရတော့ဘူး၊ ပျက်စီးသွားပြီ စတာမျိုးတွေပေါ့။ ပြောတာတော့ ကျွန်တော်တို့ဒေသမှာ မိုးများလို့ဖြစ်ရတာလို့ဆိုတယ်။ ဒါဆို ကျွန်တော်တို့ နေရာထက် မိုးအပြင်းအထန်၊ ဆီးနှင်းတွေအပြင်းအထန်ကျတဲ့နိုင်ငံ တွေကျတော့ မပျက်ဘူး။ ဒါတွေကို ကြပ်မတ်ဆောင်ရွက်ပေးဖို့လိုတယ်”ဟု သူက ဆိုသည်။

အဆိုပါလမ်းဖောက်လုပ်ပြီးစီးပါက ရခိုင်ပြည်နယ်ရှိ အနယ်နယ်အရပ်ရပ်မှ ဒေသခံများအနေဖြင့် သမိုင်းဝင် ဆံတော်ရှင်ဘုရားသို့ ရေလမ်းအပြင် ကားလမ်းဖြင့် အချိန်မရွေး သွားရောက် ဖူးမြော်နိုင်တော့မည်ဖြစ်သည်။

Most read this week