သျှမ်းတောင်တွင် RCSS/ SSA နှင့် အစိုးရတပ် တိုက်ပွဲ ပြန်ဖြစ်

သျှမ်းတောင်တွင် RCSS/ SSA နှင့် အစိုးရတပ် တိုက်ပွဲ ပြန်ဖြစ်
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည်နယ် တောင်ပိုင်း လင်းခေးခရိုင် မိုင်းပန်မြို့နယ်တွင် ဒီဇင်ဘာလ ၁၄ ရက် နံနက်ပိုင်းက အစိုးရ တပ်မတော်နှင့် သျှမ်းပြည် တပ်မတော် RCSS/SSA တို့ တိုက်ပွဲ ဖြစ်ပွားသည်ဟု မိုင်းပန် မြို့ခံများက ပြောသည်။

မိုင်းပန်မြို့ အခြေစိုက် တပ်ရင်း နှင့် သျှမ်းပြည် တပ်မတော် RCSS/SSA တို့ လင်းခေး ခရိုင် မိုင်းပန်မြို့ တောင်ဘက် ၁၀ မိုင်ခန့်ဝေးသည့် ဝမ့်ဟတ် ဒေသတွင် တိုက်ပွဲ ဖြစ်ပွားရာ အစိုးရ တပ်မတော်ဘက် တဦးသေ တဦး ဒဏ်ရာ ရရှိသည်ဟု တပ် အသိုင်း အဝိုင်းက ပြောသည်။

“ပြီးခဲ့တဲ့ ၄-၅ ရက်တုန်းက ရွာသူရွာသားတွေကို အဲဒီ အစိုးရတပ်က သေနတ်နဲ့ အကြောင်းမဲ့ လာပစ် ခြောက်တယ်။   သျှမ်းတပ်ဖွဲ့တွေကိုတော့ ထောက်ပံ့ သတင်း ပေးပြီးမြန်မာစစ်တပ် ကိုတော့ ကြက်လေးတကောင်တောင်မပေးချင်ဘူး ဆိုပြီးရွာသားတွေကို သူပုန်လို့စွပ်စွဲတယ်။ မပြောရင် ရွာကိုမီးရှို့မယ် ခြိမ်းခြောက်တယ်။ သျှမ်းသူပုန်တွေ ရွာထဲမှာဘယ်နေမလဲ ရွာပြင်မှာဘဲနေတာပေါ့ လို့ပြောတော့  သူတို့က တကယ်သွားပစ်တာ။ အဲဒါနဲ့ သေနတ်သံကြားရတော့တာဘဲ” - ဟု အမည် မဖေါ်လိုသည့် ဒေသခံ တစ်ဦးက ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ မိုင်းပန်မြို့ RCSS/SSA ဆက်ဆံရေးရုံးအားလည်းကောင်း၊ လွယ်တိုင်း လျဲန်းဌာနချုပ် ပြောခွင့်ရ ဗိုလ်မှူးလောဝ်ဆိုင်အားလည်းကောင်း ဆက်သွယ်သော်လည်း ဖုန်းလက်ခံ ဖြေကြားခြင်းမရှိပေ။

တိုက်ပွဲဖြစ်ပွားပြီးနောက်ပိုင်း အစိုးရတပ်များ အင်အားထပ်ဖြည့်လာသောကြောင့် တိုက်ပွဲ အရှိန်မြင့်လာ မည်ကို ဒေသခံများ စိုးရိမ်နေသည်။

ဒီဇင်ဘာ ၁၃ ရက်နေ့ကလည်း ကျောက်မဲမြို့နယ်အတွင်း တပ်မ ရ၇ လက်အောက်ခံ စစ် ကြောင်း နှင့် သျှမ်းပြည်တပ်မတော် RCSS/SSA တို့ ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့သေးသည်။  တိုက်ပွဲကြောင့် နှစ်ဘက်လုံး ထိခိုက်ဒဏ်ရာရ သေဆုံးမှုများရှိသည်ဟု  ဒေသခံများက ပြောသည်။

သျှမ်းပြည်တပ်မတော် RCSS/SSA နှင့် မြန်မာအစိုးရတို့သည်ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး သဘော တူညီချက်ရယူထားကြပြီးဖြစ်သည်။

သျှမ်းပြည်မြောက်ပိုင်း နမ့်ဆန်၊ကျောက်မဲ၊ နမ္မတူ၊ ကွတ်ခိုင် မြို့နယ်ဘက်တွင်လည်း အစိုးရ တပ်မတော် နှင့် တိုင်းရင်းသားတို့၏ ပြည်ထောင်စုတပ်မတော် တပ်ဖွဲ့တို့  ယခုပတ်အတွင်း တိုက်ပွဲများ ပြင်းပြင်းထန်ထန်ဖြစ်ပွားနေသည်။

Most read this week