မိုင်းရှူးမြို့တွင် စုပေါင်းအမှိုက်ကောက် လှုပ်ရှားမှုပြုလုပ်

မိုင်းရှူးမြို့တွင် စုပေါင်းအမှိုက်ကောက် လှုပ်ရှားမှုပြုလုပ်
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည်နယ် တောင်ပိုင်း လွယ်လင် ခရိုင် မိုင်းရှူး မြို့တွင်း စည်းမဲ့ ကမ်းမဲ့ စွန့်ပစ် ထားသည့် အမှိုက် များ၊ ပလတ် စတစ် နှင့် အခြားစွန့်ပစ် အညစ် အကြေး များအား မြို့သူ မြို့သား များက စုပေါင်း ရှင်းလင်း ရေး လှုပ်ရှားမှု ပြုခဲ့ ကြသည်။

ဒီဇင်ဘာလ ၁၂  ရက်က မိုင်းရှူးမြို့ သျှမ်းစာပေယဉ်ကျေးမှုကြီးမှူး၍ ဒေသခံ လူငယ်များ၊ ကျောင်း သူကျောင်းသားများရပ်မိရပ်ဖများစုပေါင်း၍ မြို့လယ်ဘုရားကျောင်း အနောက်ကွင်းနှင့်မြို့ တွင်း အမှိုက်များအား ကောက်ယူရှင်းလင်းကြခြင်းဖြစ်သည်ဟု ပါဝင်လှုပ်ရှားသူ နန်းနန်း က သျှမ်းသံတော်ဆင့်သို့ ပြောသည်။

Mong Hsu

“ကမ္ဘာမြေကြီးကျန်းမာမှ ဒို့တွေကျန်းမာမယ်။ ပတ်ဝန်းကျင်မကောင်းရင် ကျန်းမာရေးထိခိုက် လာနိုင်တယ်။ အမှိုက်က တအားများတယ်။ အဓိကက ပလတ်စတစ်ပေါ့။ မြို့အင်္ဂါရပ်အလှကို ဖျက်ဆီးတယ်။ ဒါ့ကြောင့်ကျမတို့ စာပေယဉ်ကျေးမှုက ကလေးတွေနဲ့ မြို့လယ်ဘုရားမှာ အရင် စတင်တယ်။ လူထုက ပါဝင်လာကြတယ်။ ကျမတို့ တမနက်လုံးကောက်တယ်။ ပြီးတော့ စည်ပင်ကာ က လာသိမ်းကျုံးသွားတယ်။ တကယ့်စုပေါင်းအားဖြစ်သွားတာပေါ့” ဟု ပြော သည်။

မိုင်းရှူးမြို့တွင် မြို့ပေါ် ရပ်ကွက် ၄ခုရှိပြီး မြို့တွင်းမြို့ပြင် အမှိုက်ပုံအများအပြားရှိသည်ဟု ဆိုသည်။

“မြို့လယ်ကို  ဖြတ်စီးတဲ့ နမ့်ငချောင်းတလျှောက် အမှိုက်တွေကြီးဘဲ။ စည်းမရှိ ကမ်းမရှိ အမှိုက်တွေ ပစ်လို့လေ” - ဟု မြို့ခံ နန်းရှဲန်က လည်းပြောသည်။

ရတနာမြေဟု ထင်ရှားလှသည့် မိုင်းရှူးမြို့တွင် တရုတ်၊ ဗမာ၊ တခြားတိုင်းရင်းသားများနှင့် မွတ်ဆလင်များ လည်း နေထိုင်သည်။