အပစ်ရပ်မူကြမ်းအတွက် ဆွေးနွေးရန်ကျန်သည့် အချက်များအတွက် သမ္မတထံမှ မူဝါဒ ရရှိပြီးဖြစ်ဟု ဆို

အပစ်ရပ်မူကြမ်းအတွက် ဆွေးနွေးရန်ကျန်သည့် အချက်များအတွက် သမ္မတထံမှ မူဝါဒ ရရှိပြီးဖြစ်ဟု ဆို
by -
မဇ္စျိမ

အပစ်ရပ်မူကြမ်းတွင် ညှိနှိုင်းရန် ကျန်သည့်အချက်များ သမ္မတက မူဝါဒချမှတ်ပြီးဖြစ်၍ မကြာမီရက်ပိုင်းအတွင်း ရန်ကုန်တွင် NCCT နှင့် MPC တို့ တွေ့ဆုံဆွေးနွေးရာတွင် MPC ဘက်မှ သမ္မတ၏ မူဝါဒလမ်းညွှန်မှုများကို ဆွေးနွေးသွားမည် ဟု ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) ဒုတိယ ဥက္ကဋ္ဌ ဝန်ကြီး ဦးအောင်မင်းက မဇ္စျိမကို ပြောသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) နှင့် တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့ ဆွေးနွေးနေသည့် တစ်နိုင်ငံလုံး အပစ်ခတ်ရပ်ဆဲရေးမူကြမ်းတွင် ညှိနှိုင်းရန် ကျန်ရှိနေသေးသည့် အချက် ၈ ချက်နှင့် ပတ်သက်၍ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ထံမှ လိုအပ်သည့် မူဝါဒလမ်းညွှန်မှု ရရှိထားပြီဖြစ်သည်ဟု ၎င်းက ဆိုသည်။

U-Aung-Min

ဒီဇင်ဘာ ၁၂ ရက်က ကမာရွတ်မြို့နယ် ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမတွင် ပြုလုပ်သည့် မြန်မာပြည်သူ့ဖိုရမ် ၂၀၁၄ သို့ တက်ရောက်လာ သည့် ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းက ထိုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ကျွန်တော်တို့ စာချုပ်ကြီးထဲမှာ တစ်ကယ်ကျန်တာ ခေါင်းစဉ်ကြီးအားလုံး ရှစ်ခုလောက်ပဲ ကျန်ပါတယ်။ ရှစ်ခုအတွက် လိုအပ်တဲ့  မူဝါဒကို နိုင်ငံတော် သမ္မတကြီးဆီကလည်း ရရှိပြီးဖြစ်ပါတယ်။ ဒါတွေကို လာမယ့်ဆွေးနွေးပွဲမှာ ကျွန်တော်တို့ ဆွေးနွေးကြမှာ ဖြစ်ပါတယ်။ ရှစ်ချက်လုံးအဆင်ပြေသွားရင်တော့ လက်မှတ်ထိုးမယ့်ရက်ကို သတ်မှတ်လို့ရမှာ ဖြစ်တယ်” ဟု ၎င်းက ပြောသည်။

ဆွေးနွေးရန် ကျန်ရှိနေသေးသည့် အချက်များမှာ- တော်လှန်ရေးစကားလုံးကို အပစ်ရပ်စာချုပ်တွင် ထည့်သွင်းရေး၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး၊ အပစ်အခတ်ရပ်စဲရေးပူးတွဲစောင့်ကြည့်ရေးအဖွဲ့ဖွဲ့ စည်းရေးနှင့် နှစ်ဖက်တပ်လိုက်နာရမည့် ကျင့်ဝတ်ဆွေးနွေးရေး အစရှိသည်တို့ ဖြစ်သည်။

၂၀၁၅ ရွေးကောက်ပွဲမတိုင်မှီ အပစ်ရပ်စာချုပ်တွင် သဘောတူလက်မှတ် ရေးထိုးနိုင်ရန် မျှော်မှန်းထားပြီး အပစ်ရပ်လက်မှတ် ရေးထိုးပြီး ပါက ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ကျင်းပသွားမည်ဟုလည်း ဦးအောင်မင်းက ဆိုသည်။

ဦးအောင်မင်းက “ဒီကာလအတွင်းမှာ အတက်နိုင်ဆုံး ကျွန်တော်တို့ အစိုးရကနေ ဆောင်ရွက်သွားချင်ပါတယ်။ လက်မှတ်ရေးထိုးရုံတင် မဟုတ်ပါဘူး။ လက်မှတ်ရေးထိုးပြီးရင် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကြီးဆိုပြီး ကျွန်တော်တို့ ဒါကို ကျင်းပဖို့ရှိပါတယ်။ အဲ့ဒီမှာ နှစ်ပေါင်း ၆၀ကျော် ဖြစ်ခဲ့တဲ့ ပြဿနာအားလုံးကို အဲ့ဒီမှာ ဆွေးနွေးကြမှာ ဖြစ်ပါတယ်။ ဖွဲ့စည်းပုံခြေခံဥပဒေပြင်မယ့် ကိစ္စတွေအပါအဝင် အားလုံးဆွေးနွေးနိုင်ပါတယ်” ဟု ပြောသည်။

ယင်းညီလာခံတွင် ခွဲထွက်မည့်ကိစ္စနှင့် နိုင်ငံတော် အချုပ်အခြာအာဏာထိပါးစေမည့် အကြောင်းအရာ များမှလွဲ၍ ကျန်သည့် မည့်သည့် အချက်မဆို ဆွေးနွေးနိုင်သည်ဟု နိုင်ငံတော် သမ္မတက ပြောဆိုထားကြောင်း ဦးအောင်မင်းက ပြောသည်။

ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC) နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တို့၏ တစ်ပြည်လုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့ တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ်ရရှိ ရန် ဆွေးနွေးနေမှုများသည် စက်တင်ဘာလကပင် ရပ်တန့်ခဲ့ပြီး ဒီဇင်ဘာ ၂၅ ရက် မတိုင်မီ နှစ်ဖက် တွေ့ဆုံဆွေးနွေးနိုင်ကြရန် UPWC က တင်ပြထားသည်။

Most read this week