KNPP က ဒီဇင်ဘာလအပြီး တန်ဖိုးနည်းအိမ်ရာ ဆောက်လုပ်မည်

KNPP က ဒီဇင်ဘာလအပြီး တန်ဖိုးနည်းအိမ်ရာ ဆောက်လုပ်မည်

နိုင်ငံတော် ဘတ်ဂျက်ဖြင့် စစ်ဘေးဒုက္ခသည်များကို ထားရှိရန် တည်ဆောက်နေသည့် တန်ဖိုးနည်းအိမ်ရာ စီမံကိန်းမှ အိမ် ၂၅ လုံး ဒီဇင်ဘာလကုန်တွင် အပြီးတည်ဆောက်သွားမည်ဟု ကရင်နီအမျိုးသား တိုးတက်ရေးပါတီ လွိုင်ကော်မြို့နယ် ဆက်ဆံရေးရုံး တာဝန်ခံ ခူးပလူးရယ်က ပြောသည်။

နိုင်ငံတော် အစိုးရ ဘတ်ဂျက်ဖြင့် အိမ်အလုံး ၅၀ ဆောက်လုပ်ရန် လျာထားသော်လည်း ဒီဇင်ဘာဘလကုန် အထိ ၂၅ လုံးသာ အပြီး တည်ဆောက်နိုင်မည် ဖြစ်သည်။ အဆိုပါ စီမံကိန်းအတွက် တစ်အိမ်လျှင် ကျပ်သိန်း ၅၀ နှုန်းဖြင့် အိမ် ၅၀ စာ ကျပ်သိန်း ၂၅၀၀ ကို ၂၀၁၃ ခုနှစ် မတ်လကပင် ချထားပေးသည့် ဘတ်ဂျက် ဖြစ်သည်။

“နိုင်ငံတော်က ဘဏ္ဍာငွေချပေးခဲ့တုန်းက တန်ဖိုးနည်းအိမ်ရာတွေကို တာဝန်ယူဆောက်လုပ်ပေးဖို့ အခက်အခဲအချို့ရှိလို့ မယူဘူးလို့ ပြောခဲ့သေးပေမယ့် ဘဏ္ဍာငွေက စာရင်းဝင်သွားပြီး ပြန်အပ်ရင် အဆင်မပြေဘူးလို့ ယူထားလိုက်ရတယ်” ဟု ခူးပလူးရယ်က ပြောသည်။

အဆိုပါ တန်ဖိုးနည်း အိမ်ရာများကို ကယားပြည်နယ် ရှားတောမြို့နယ်နှင့် မိုင် ၃၀ ခန့် အကွာ မယ်လယုချောင်းဆုံအနီး ပေ ၈၀x၆၀ မြေပေါ် တွင် ပျဉ်ခင်း၊ ပျဉ်ကာ၊ သွပ်မိုးအိမ် ဆောက်လုပ်ပေးနေခြင်း ဖြစ်သည်။

စစ်ကြောင့် နေရပ်စွန့်ခွာနေထိုင်သူများကို ထိုနေအိမ်များတွင် ပြန်လည်နေရာချထားပေးမည်ဖြစ်ပြီး နေထိုင် လုပ်ကိုင် စားသောက်နိုင်ရန်လည်း ဆောင်ရွက်ပေးသွားမည်ဟု ၎င်းက ဆိုသည်။

ထိုစီမံကိန်း အိမ်ရာတွင် နေထိုင်သူများကို အရပ်ဘက် အဖွဲ့အစည်းများနှင့် ဆက်သွယ်ကာ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများကိုလည်း သင်ကြားပေးသွားမည်ဖြစ်သည်။

KNPP က တာဝန်ယူ ဆောက်လုပ်ရမည့် တန်ဖိုးနည်းအိမ်ရာ အလုံး ၅၀ အနက် ကျန်ရှိသည့် ၂၅ လုံးကို ၂၀၁၅ ခုနှစ်တွင် စတင် ဆောက်လုပ်မည် ဖြစ်သည်။

KNPP သည် ၂၀၁၂ ခုနှစ် ဇွန်လ ၂ ရက်က အစိုးရနှင့် ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်ဆဲရေး စာချုပ်ချုပ်ဆိုခဲ့ပြီး ကယားပြည်နယ် တွင် နေရပ်စွန့်ခွာ ရွှေ့ပြောင်းနေထိုင်သူ (IDP) အရေအတွက်မှာ ၅၀၀၀၀ ကျော် ရှိသည်ဟု ခူးပလူးရယ် ဆိုသည်။

တန်ဖိုးနည်း အိမ်ရာစီမံကိန်း တည်ရှိသည့် ဒေသပတ်ဝန်းကျင်တွင် မြေမြုပ်မိုင်း အများဆုံးတည်ရှိသည့် နေ ရာဖြစ်နေ၍ အဆိုပါ စီမံကိန်း အကောင်အထည်ဖော်မှု နှောင့်နှေးကြန့်ကြာနေသည်ဟု ၎င်းက ဆိုသည်။

ကရင်ပြည်နယ်တွင်၌လည်း ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ ရ က ဦးစီး၍ အစိုးရဘတ်ဂျက်ဖြင့်ပင် ကျပ်သိန်း ၅၀ တန်ဖိုးရှိ တန်ဖိုးနည်း အိမ်ရာများကို နိုင်ငံတော် ဘဏ္ဍာငွေဖြင့် ဆောက်လုပ်မှုများ ရှိသည်။

Most read this week