အစိုးရနှင့် တအာင်း တပ်မတော်တို့ သုံးရက်ကြာ တိုက်ပွဲပြင်း ထန်နေဟုဆို

အစိုးရနှင့် တအာင်း တပ်မတော်တို့ သုံးရက်ကြာ တိုက်ပွဲပြင်း ထန်နေဟုဆို
by -
မဇ္စျိမ

 အစိုးရ စစ်တပ်နှင့် ပလောင်(တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)တို့ သုံးရက်ဆက်တိုက် တိုက်ပွဲ ဖြစ်ပွားနေကာ ဒီဇင်ဘာလ ၁၀ ရက်တွင် တိုက်ပွဲ တစ်နေကုန် ဖြစ်ပွားခဲ့သည်ဟု TNLA ၏ ပြန်ကြားရေး တာဝန်ခံ မိုင်းအိုက်ကျော်က မဇ္စျိမကို ပြောသည်။

ရှမ်းပြည်နယ် တာမိုးညဲမြို့နယ်ခွဲ ဆိုင်ခေါင်နှင့် ဟိုပုံကျေးရွာအကြား TNLA ၏ အမှတ် (၄) ဗျူဟာ နယ်မြေတွင် တပ်ရင်း ၉၀၉ တပ်ဖွဲ့နှင့် အစိုးရ စစ်တပ်၏ တပ်မ ၈၈လက်အောက်ခံ တပ်ဖွဲ့များနှင့် ဒီဇင်ဘာလ ၁၀ ရက် နံနက် ၅ နာရီမှ ညနေ ၃ နာရီခွဲထိ တိုက်ပွဲ ပြင်းပြင်း ထန်ထန် ဖြစ်ပွား ခဲ့သည်ဟု သူကဆိုသည်။

“မနက် ၅ နာရာကနေ စဖြစ်တာ။ ညနေ ၃ နာရီခွဲထိ တိုက်ပွဲ မရပ်သေးဘူး။ တိုက်ပွဲက ပြင်ထန်တယ်လို့ ပြောရမယ်။  လက်နက်ကြီးတွေလည်း သုံးကြတယ်။ ခုထိ တိုက်ပွဲ ရပ်မရ မသိရသေးဘူး။ ဟိုနေ့ နှစ်ရက်က နာရီဝက်ခြား တစ်နာရီဖြစ်တယ်။ ဒီနေ့က တစ်နေကုန် ဖြစ်တယ်”ဟု ပြန်ကြားရေး တာဝန်ခံ မိုင်းအိုက်   ကျော်ကပြောသည်။

ဒီဇင်ဘာလ ၈ ရက်မှ ၁၀ ရက်ထိ သုံးရက်ကြာ တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းမှာ အစိုးရ စစ်တပ်က ထိုးစစ်ဆင် တိုက်ခဲ့ခြင်းကြောင့်ဟု သူက ဆိုသည်။ နှစ်ဖက်ထိခိုက် ကျ ဆုံးမှုကိုမူ မသိရသေး ဟုလည်း ဆိုသည်။

“အဓိကတော့ ထိုးစစ်အရမ်း များလာတော့ တိုက်ပွဲဖြစ် လာတာ။ တစ်ဖက်မှာ ပြန်ကြည့်မယ်ဆိုရင် ဒီရာသီက ဘိန်းစိုက်ပျိုး တဲ့အချိန်မှာ ကျွန်တော်တို့ အဖွဲ့က ဘိန်းစိုက်ပျိုး မှုမရှိအောင် ကျွန်တော်တို့က ကွင်းဆင်းနေ တဲ့အချိန်လည်း ဖြစ်တဲ့အတွက် ထိတွေ့မှု များလာတယ်”ဟု သူက ပြောသည်။

တိုက်ပွဲများ ဆက်လက် ဖြစ်ပွားလာပါက ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေး မှုတွင် ယုံကြည်မှု လျော့ကျလာနိုင်ကာ ဆွေးနွေးပွဲ နှောက်နှေးကြန့် ကြာလာနိုင်သည့် အနေအထား ရှိလာမည် ဖြစ်ကြောင်း သူက မဇ္စျိမကို ပြောသည်။

ဒီဇင်ဘာ ၄ရက်ကလည်း ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်တွင်း၊ ဝမ်ပန် နမ့်ကျွပ်ကျေးရွာတွင် ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ/ ရှမ်းပြည် တပ်မတော်(တောင်ပိုင်း) (RCSS/SSA)၏ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ဆောင်သည့် တပ်ဖွဲ့များနှင့် အစိုးရ၏ ခလရတပ်ရင်း ၅၀၂တို့ တိုက်ပွဲဖြစ်ကာ RCSS၏ အုပ်ချုပ်ရေး နယ်မြေခံ တပ်သား ရဲဘော်နှစ်ဦး ကျဆုံးခဲ့သည်ဟု RCSS၏ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီဝင် ဒု-ဗိုလ်မှူးကြီး စိုင်မိန်းက မဇ္စျိမကို ပြောသည်။

ဒီဇင်ဘာလ ၉ ရက်တွင် နမ့်ဆန်မြို့နယ် အုမ်းစွမ်းကျေးရွာနှင့် အုမ်းတက်ကျေးရွာအကြား မွန်းလွဲ ၁၂ နာရီခွဲ၌ TNLA နှင့် အစိုးရတပ်တို့ နှစ်ဖက် ရင်ဆိုင်တိုက် ပွဲဖြစ် ပွားခဲ့သည်။  ဒီဇင်ဘာလ ၈ ရက်ကလည်း ကျောက်မဲမြို့နယ် မိုင်းလုံမြို့နယ်ခွဲ လွယ်ဆာ ကျေးရွာနှင့် နားလော်ကျေးရွာအကြား TNLA တပ်ရင်း ၅၂၇ တပ်နှင့် အစိုးရ၏ တပ်မ ရ၇ တပ်ဖွဲ့တို့ တိုက်ပွဲ ဖြစ်ပွားခဲ့သေးသည်။ ယခုလအတွင်း အစိုးရနှင့် TNLA တပ်တို့အကြား တိုက်ပွဲပေါင်း ရ ကြိမ် ဖြစ်ပွား ခဲ့ပြီးဖြစ် သည်ဟု ဆိုသည်။

အစိုးရနှင့် TNLA တို့သည် ၂၀၁၃ ခုနှစ် ဇူလိုင်လ ၃၁ ရက်က မူဆယ်မြို့တွင် ငြိမ်းချမ်းရေး ဆွေးနွေးခဲ့သော်လည်း ယနေ့ထိ ပြည်နယ်အဆင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးခြင်း မရှိသေးပေ။

သို့သော် ပြည်ထောင်စု ငြိမ်းချမ်းရေးလုပ်ငန်းဖော်ဆောင်ရေးကော်မတီ (UPWC) နှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးညှိနှိုင်းရေးအဖွဲ့(NCCT) တို့တစ်နိုင် ငံလုံး အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးရန်အတွက် တွေ့ဆုံဆွေးနွေးနေသည်။

Most read this week