အစိုးရသစ် လက်ထက်တွင် လယ်သမားများ လူ့အခွင့်အရေး ဆုံးရှုံးမှု အများဆုံး ဖြစ်နေဟုဆို

အစိုးရသစ် လက်ထက်တွင် လယ်သမားများ လူ့အခွင့်အရေး ဆုံးရှုံးမှု အများဆုံး ဖြစ်နေဟုဆို
by -
မဇ္စျိမ

 သမ္မတဦးသိန်းစိန်၏ အစိုးရသစ်သက်တမ်းအတွင်း မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးဆုံးရှုံး မှုများ ရှိနေပြီး လယ်မြေ သိမ်းဆည်းခံရသည့် လယ်သမားများသည် လူ့အခွင့်အရေးဆုံးရှုံးမှု အများဆုံး ဖြစ်နေသည်ဟု လူ့ အခွင့်အရေးနှင့် ပတ်သက်ပြီး လှုပ်ရှားဆောင် ရွက်နေသည့် ညီမျှခြင်း မြန်မာမှ မန်နေဂျင်းဒါရိုက်တာ ဦးအောင်မျိုးမင်းက ဒီဇင်ဘာလ ၉ ရက်တွင် ပြောသည်။

မြန်မာနိုင်ငံ၏ ဥပဒေများထဲတွင် လူ့အခွင့်အရေးကို ပ့ံပိုးလေးစား ရန်ထက် ချုပ်ကိုင်လိုသော ရည်ရွယ်ချက် ဖြင့် ပြဋ္ဌာန်းထားသော ဥပဒေများရှိနေဆဲဖြစ်ကာ လူ့အခွင့်အရေး ချိုးဖောက်ခံရသောကြောင့် နစ်နာဆုံးရှုံး ရမှုများကို တောင်းဆိုသည့် လယ်သမားများမှာလည်း ပုဒ်မအမျိုးမျိုးဖြင့် စွဲချက်တင် အပြစ်ပေးခံနေရဆဲဖြစ် သည်ဟု ဒီဇင်ဘာ ၁၀ ရက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့အတွက် ညီမျှခြင်းမြန်မာက ထုတ်ပြန်သော ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။

Farmers

ဦးအောင်မျိုးမင်းက “အရင်အစိုးရ လက်ထက်ကတည်းကအခုထိ လူ့အခွင့် အရေးဆုံးရှုံးမှုအများဆုံးက လယ်ယာမြေ သိမ်းမှုကိစ္စတွေပါ။ လယ်ယာမြေစုံစမ်းရေးအဖွဲ့တွေက တိကျခိုင်လုံတဲ့ အချက်အလက် တွေနဲ့ သိမ်းဆည်းမြေစာရင်းကို တင်ပြတာ တောင်မဖြေရှင်းနိုင်သေး ဘူး” ဟုပြောသည်။

အစိုးရသစ်တက်လာပြီး နောက်ပိုင်းတွင် လယ်ယာမြေ ပြဿနာများနှင့် ပတ်သက်၍ အများဆုံး ဖြေရှင်းခဲ့ရပြီး ဆန္ဒပြမှုများလည်း တစ်နိုင်ငံ လုံးရှိ မြို့နယ်တော်တော်များများတွင် ဖြစ်ပွားခဲ့သည်။ ယင်းအပြင် အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ကလည်း လယ်ယာမြေနှင့် ပတ်သက်သည့် ပြဿနာများကို ဖြေရှင်းပေးနေရပြီး တိုင်ကြားစာများ၏ ၄၅ ရာခိုင်နှုန်းသည် လယ်ယာမြေနှင့်ပတ်သက်သည့် တိုင်စာများဖြစ်သည် ဟု မြန်မာ နိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင် ဒု-ဥက္ကဋ္ဌ ဦးစစ်မြိုင်က မဇ္ဈိမကို ပြောသည်။

၂၀၁၁-၁၂ တွင် ဌာနဆိုင်ရာများမှ သိမး်ဆည်းခံရသည့် လယ်ယာမြေတိုင်ကြားစာများ အများဆုံးရှိခဲ့သော် လည်း ၂၀၁၂ နောက်ပိုင်းမှ စ၍ ကျေးရွာအတွင်းရှိ လယ်သမား အချင်းချင်းအငြင်းပွားသည့် တိုင်ကြားမှုများ အများဆုံးရှိနေသည်ဟုလည်း ၎င်းက ဆိုသည်။

“အချင်းချင်းဖြစ်ကြတာကို လူ့အခွင့် အရေးဆုံးရှုံးတယ်လို့ ပြောလို့မရဘူး” ဟု ပြောသည်။ ယင်းအပြင်ဌာန ဆိုင်ရာ၊ စစ်တပ်နှင့် ဖြစ်သည့် လယ်ယာမြေ အငြင်းပွား မှုများတွင် လူ့အခွင့်အရေးရှုထောင့်အရ ကော်မရှင် က လယ်သမားများ၏ ရေရှည်ဘဝ ရပ် တည်နိုင်သည့် နစ်နာကြေးကို ရရှိအောင် ဆောင်ရွက် ပေးနိုင် သည်ဟုလည်း ၎င်းက ပြောသည်။

၂၀၁၂ ခုနှစ်မှစ၍ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လယ်ယာမြေပြဿနာ နှင့် ပတ်သက်သည့် အမှုပေါင်း ရ၀၀ ဖြစ်ပွားခဲ့ပြီး လယ်ယာ လုပ်ပိုင်ခွင့်၊ လယ်ယာမြေအတွင်း ကျူးကျော်နေထိုင်သည့် လယ်ယာမြေမှုခင်း များပါ၀င်သည်ဟု လွှတ်တော်လယ်ယာမြေ စုံစမ်းရေး ကော်မ ရှင်၏ စာရင်းများအရ သိရသည်။

လက်ရှိ အချိန်ထိ တစ်နိုင်ငံလုံးတွင် တရားစွဲခံရသည့် တောင်ယာလုပ်ကိုင်သူ တောင်သူများနှင့် လယ်သ မား စုစုပေါင်း ၁,၀၀၀ ခန့်ရှိသည်ဟုလည်း လွှတ်တော်လယ်ယာမြေစုံစမ်းရေးကော်မရှင်အဖွဲ့ဝင် NLD  ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသူက မဇ္ဈိမကို ပြောသည်။

မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးကို ကာကွယ်ပေးသည့် ဥပဒေများပေါ်ထွန်းရန် လိုအပ်နေသကဲ့သို့ နိုင်ငံ သားအားလုံးအပေါ် လုံခြံုမှု ဖန်တီးပေးနိုင်မည့် တရားဥပဒေစိုးမိုးရေးမှာလည်း အားနည်းနေလျက်ရှိနေပြီး လူ့အခွင့်အရေးလှုပ်ရှား ဆောင်ရွက်သူများအပေါ် ဖိအားပေးနှောင့်ယှက်မှုများ ရှိနေသေးသည်ဟုလည်း ဦးအောင်မျိုးမင်းက ပြောသည်။

ဦးအောင်မျိုးမင်းက “ဆန္ဒဖော်ထုတ် ခွင့်ရှိတယ်လို့သာ ပြောနေပေမယ့် တောင်းဆိုသူ လယ်သမားတွေကို ဖမ်းဆီးနေဆဲပါ။ တရားစီရင်ရေး ပိုင်း အားနည်းနေတယ်။ လယ်သမားတွေကို မတရား ဖမ်းဆီးခံရခြင်း တွေအတွက် သိသာထိရောက်တဲ့ ဥပဒေနဲ့ တားဆီးနိုင်ဖို့ လိုပါတယ်”ဟု ပြောသည်။

သိမ်းဆည်းမြေ ပြန်ပေးရန် စစ်ကိုင်းတွင် ဆန္ဒပြလယ်ယာမြေ သိမ်းဆည်းခံရခြင်းနှင့် ပတ်သက်ပြီး စစ် ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ် အတွင်းရှိ ကျေးရွာခြောက်ရွာမှ သိမ်းဆည်း မြေများကို ပြန်ပေးရန် ဒီဇင်ဘာ ၉ ရက်တွင် ဒေသခံများက ယင်းကျေးရွာများတွင် ဆန္ဒပြခဲ့သည်။

စစ်ကိုင်းမြို့နယ်အတွင်း မြင်းမွှေး ကျေးရွာ၊ ညောင်ပင်စဉ်ကျေးရွာ၊ အောင်ချမ်းသာ ကျေးရွာ၊ ပဲကတိုး ကျေး ရွာ၊ ကျောက်ဆည်ကျေးရွာနှင့် ကုန်းရွာကျေးရွာရှိ လယ်မြေ ၁,၀၉၁ ဒသမ ၄၈ ဧကကို အမှတ်(၁) စက်မှု ၀န်ကြီးဌာနက စက်ရုံငါးခု တည်ဆောက်ရန် သိမ်းယူထားရာ အဆိုပါမြေများ ပြန်လည်လွှဲပြောင်းပေး ရန် ဒေသခံတောင်သူ ၂၀၀ ကျော်က အောင်ချမ်းသာ ကျေးရွာမှ စတင်၍ စစ်ကိုင်း၊ မုံရွာလမ်းအတိုင်း ၀ါစိုက်ပျိုး ရေးခြံအထိ ချီတက်ဆန္ဒပြကြသည်။

အဆိုပါ မြေကိစ္စနှင့် ပတ်သက်ပြီး စစ်ကိုင်းမြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်မောင်သိန်း က လွှတ်တော်တွင် တင်ပြထားရာ အဆောက်အအုံ ဆောက်ပြီးသည့်မြေများကို ပြန်မပေးနိုင်ကြောင်း ကျန်သည့် ဧက ၄၀၀ ကျော်ကို အစိုးရမှတစ်ဆင့် သက်ဆိုင်ရာသို့ လွှဲ ပြောင်းပေးမည်ဖြစ်ကာ ရဲသင်တန်း အတွက် ဧက ၉၀ ပေးမည်ဖြစ်ကြောင်း၊ စက်မှု (၁) ၀န်ကြီးက ဖြေကြားခဲ့သည်ဟုဆိုသည်။