သျှမ်းပြည်နယ် မြို့တော် တောင်ကြီးတွင် ကျားဖြူ ပါတီမှ ရွေးကောက်ပွဲ အောင်နိုင်ရေး ၆ ရက်တာ သင်တန်းတစ်ခု ပြုလုပ်ခဲ့ရာ မြို့နယ်အသီးသီးမှ ပါတီဝင် ၁၀၀ ခန့် တက်ရောက်ကြောင်း သိရသည်။
ရွေးကောက်ပွဲအောင်နိုင်ရေးသင်တန်းဖွင့်ပွဲသို့ ပါတီ ဥက္ကဌ စိုင်းအိုက်ပေါင်းကိုယ်တိုင် တက်ရောက်ကာ ပါတီ၏ အကြီးမားဆုံး ရည်မှန်းချက်ကိုပြောဆိုခဲ့သည်။
“လာမယ့်ရွေးကောက်ပွဲမှာ ကျနော်တို့ရဲ့ ရည်မှန်းချက် နံပါတ် ၁ ကတော့ ကျားဖြူပါတီဟာ ရွေးကောက် ပွဲ အောင်ရမယ်။ သျှမ်းပြည်နယ်အစိုးရ ဖြစ်ရမယ်။ အစိုးရဖြစ်မှ မိဘပြည်သူတွေ ဖြစ်ချင်တာ လုပ်ချင် တာကို ကောင်းစွာ ဆောင်ရွက်ပေးမှာဖြစ်ပါတယ်။ နံပါတ် ၂ အချက်ကတော့ ဖယ်ဒရယ် ပြည်ထောင် စုကြီးပေါ်ပေါက်လာဖို့ဖြစ်ပါတယ်။” ဟု ဥက္ကဌ စိုင်းအိုက်ပေါင်းကပြောသည်။
တောင်ကြီးမြို့ ၊ ကျောင်းကြီးစုရပ် ၊ ဝေဠုဝန် ကျောင်းတိုက်တွင် ဒီဇင်ဘာလ ၄ ရက်မှ ၉ ရက်နေ့အထိ ကျင်းပသော သျှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ) ၏ ရွေးကောက်ပွဲဆိုင်ရာ အထောက်အကူပြုသင်တန်း ဖြစ်မြောက်ရေးအတွက် Myanmar Egress ၏ပံ့ပိုးမှုဖြင့် သျှမ်းပြည်နယ််အတွင်း မြို့နယ်၃၄ မြို့နယ် မှ ကျားဖြူပါတီ၏ လွှတ်တော်ကိုယ်စားလှယ်များအပါအဝင် ၁၀၀ ခန့်တက်ရောက်ခဲ့သည်။
၂၀၁၅ ရွေးကောက်ပွဲတွင် ရလာဒ်ကောင်းထွက်နိုင်ဖို့ သျှမ်းနှစ်ပါတီ ညှိနှိုင်းရန်လိုအပ် သည်ဟု ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းမောင်တင် ကပြောသည်။
“ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲအတွက် စည်းရုံးမဲဆွယ်ခြင်း ၊ တိကျမှန်ကန်တဲ့မဲစာရင်းဘယ်လို ရယူ မလည်း ရွေးကောက်ပွဲနဲ့ဆိုင်တာတွေအမြင်ဖွင့် သင်တန်းပေးတယ်ပေါ့၊၂၀၁၅ ရွေးကောက်ပွဲ အတွက် ကျားနှစ်ပါတီ (ကျားဖြူပါတီ နဲ့ကျားခေါင်းပါတီ) မညှိနှိုင်းပဲနဲ့ ရလာဒ်ကောင်းထွက်ဖို့မမြင်ဘူး၊ နှစ်ပါတီ ကြိုတင်ညှိနှိုင်းရေးတွေလုပ်ရမယ် ဘယ်ပါတီက ဘယ်ပြည်နယ်ကို ၀င်မယ်ဆိုတာမျိုးကိုပေါ့ ၊တစ်ချို့ ပါတီတွေက စိတ်ကူးယဉ်ဆန်နေသေးတယ် ပြောင်းလဲနေတဲ့အပေါ်လက်ခံရမယ်လေ” ဟု ပြောသည်။
၂၀၁၅ ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ရန်ဆန္ဒရှိမရှိ နှင့်ပတ်သက်၍ စိုင်းမောင်တင်က “ စောင့်ကြည့်နေ တုန်း စာရင်းကတော့ မပေးထားသေးဘူး၊ နှစ်ပါတီအနေအထားကိုစောင့် ကြည့် နေတယ်၊ နောက်တစ်ခုက ၂၀၀၈ ဥပဒေပြင်ဆင် ဖို့အတွက် ပုဒ်မ (၄၃၆) ကိုပြင်နိုင်ဖို့ ပြည်ထောင်စု လွှတ်တော် မှာ ဆွေးနွေးခဲ့တာ လည်း ကျေနပ်အားရမှုမရှိခဲ့ဘူး ” ဟု ပြော သည်။
သင်တန်းတွင် မိမိဒေသအတွင်း လူထု၏လိုအပ်ချက်များ၊ မိမိတို့ပါတီမှ ဆောင်ရွက်ပေးနိုင်စွမ်း၊ အားနည်းချက် အားသာချက်များအပြင် ၂၀၀၈ ဖွဲ့စည်းပုံအတွင်းမှ လူထုသိသင့်သော အချက်များ အကြောင်းကိုပါ အချင်း ချင်းဆွေးနွေးခဲ့ကြကြောင်း ကျားဖြူပါတီဝင်လူငယ်တစ်ဦးက ပြောသည်။
၂၀၁၅ ရွေးကောက်ပွဲအောင်နိုင်ရေးသင်တန်းအပြင် ပါတီဝင်အသစ်များလျှောက်လွှာ ၅၀၀၀ ခန့်ကိုပါ ထပ်မံလက်ခံရရှိကြောင်း သျှမ်းပြည်တောင်ပိုင်း ခိုလမ်၊ နမ့်ဇန်၊ ကွန်ဟိန်း၊ လင်းခေး၊ သျှမ်းပြည်မြောက် ပိုင်း ကျောက်မဲ၊ နောင်ချို၊ သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်၊ တာချီလိတ်၊ မိုင်းပြင်းတို့အပြင် ကချင်ပြည် နယ် မိုးမောက်မှ အဖွဲ့ဝင်သစ်များဖြစ်ကြောင်း ကျားဖြူပါတီဝင်တစ်ဦးကပြောသည်။
ကျားဖြူပါတီဉက္ကဌ စိုင်းအိုက်ပေါင်းက လက်ရှိ ကျားဖြူပါတီဝင် ၄ သိန်းကျော် ရှိကြောင်းပြောဆိုခဲ့ဖူးသည်။