လာမည့် ဘဏ္ဍာရေးနှစ် (၂၀၁၅-၁၆) တွင် ကျပ်သန်းပေါင်း ၄၉၁,၂၅၉ ဒဿမ ၂၈၆ သုံးစွဲရန် လျာထားသည့် ရန်ကုန်တိုင်း အစိုးရ၏ တင်ပြချက်ကို ဒီဇင်ဘာလ ၈ ရက်တွင် ပြုလုပ်သည့် တိုင်းလွှတ်တော် အထူးအစည်းအဝေးတွင် အတည်ပြု လိုက်ပြီ ဖြစ်သည်။
၂၀၁၅ - ၂၀၁၆ ခုနှစ်၊ ရသုံးခန့်မှန်းခြေ ငွေစာရင်း လျာထားချက်တွင် တိုင်းအစိုးရ သုံးစွဲမည့် ကျပ်သန်းပေါင်း ငါးသိန်းနီးပါးကို လွှတ်တော် ကိုယ်စားလှယ် တစ်ဦးတည်းကသာ ထောက်ပြဆွေးနွေးပြီးနောက် လွှတ်တော်က အတည်ပြုလိုက်ခြင်း ဖြစ်သည်။
တိုင်းအစိုးရသုံးမည့် ဘတ်ဂျက်တွင် အကောင်အထည်ဖော်မည့် စီမံကိန်းအချို့မှာ အမှန်တကယ် လိုအပ်မှုရှိ၊ မရှိ အချိန်ယူစိစစ်ပြီးမှသာ အတည်ပြုရန် တိုင်းလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက ထောက်ပြဆွေးနွေးခဲ့သော်လည်း လွှတ်တော်တွင် အတည်ပြုခဲ့သည်။
တိုင်းအစိုးရ သုံးစွဲရန်လျာထားသည့်ဘတ်ဂျက်တွင် “အထူးစီမံကိန်း လုပ်ငန်းများ” အဖြစ် ရန်ကုန်မြို့တွင် ခုံးကျော်တံတား သုံးစင်းကို ကျပ်သန်းပေါင်း ၅၄,၃၅၀ (သန်းပေါင်း ငါးသောင်းကျော်) အကုန်ခံ တည်ဆောက်မည်ဖြစ်ပြီး ရန်ကုန်မြို့တွင်း ယာဉ်ကြောပိတ်ဆို့မှု ရှင်းလင်းရာတွင် ကျပ်သန်းပေါင်း သုံးသောင်း သုံးစွဲမည် ဖြစ်သည်။
ယင်းစီမံကိန်းများအား အမှန်တစ်ကယ် လိုအပ်မှုရှိ၊ မရှိ အချိန်ယူစိစစ်ရန် ဒေါက်တာညိုညိုသင်း က ထောက်ပြခဲ့ခြင်း ဖြစ်သည်။
ယင်းအပြင် တိုင်းအစိုးရသုံးစွဲမည့် ဘတ်ဂျက်အပေါ် လွှတ်တော် ကိုယ်စားလှယ်များအနေဖြင့် ကြိုတင်လေ့လာရန် အချိန်နည်းသည်ကိုလည်း ၎င်းက ဝေဖန်ခဲ့သေးသည်။
“အချိန်နှစ်ရက်နဲ့ ဝင်ပြီးဆွေးနွေးရအောင် လွှတ်တော်အမတ်တွေက Computer Brain (ကွန်ပျူတာ ဦးနှောက်) မဟုတ်ဘူး” ဟု ဒေါက်တာ ညိုညိုသင်းက လွှတ်တော်တွင် ပြောသည်။
အဘယ်ကြောင့်ဆိုသော် တိုင်းအစိုးရသုံးမည့် ဘတ်ဂျက်လျာထားချက်ကို ဒီဇင်ဘာ ၃ ရက်က ဘဏ္ဍာရေး ဝန်ကြီး တင်ပြခဲ့ခြင်းဖြစ်ပြီး လွှတ်တော်အမတ်များကမူ အဆိုပါ ဘတ်ဂျက်အပေါ် ဆွေးနွေးမည့် အကြောင်းအရာများအား နိုဝင်ဘာ ၅ ရက်တွင် လွှတ်တော်ရုံးသို့ ပေးပို့ရသောကြောင့် ဖြစ်သည်။
တိုင်းအစိုးရက လာမည့်ဘဏ္ဍာနှစ်တွင် ဘတ်ဂျက်ငွေ ကျပ်သန်းပေါင်း ငါးသိန်းနီးပါး သုံးစွဲမည်ဖြစ်သော် လည်း ပြန်ရရန်လျာထားသည့် ငွေမှာ ကျပ်သန်းပေါင်း ၃၈၀,၈၄၁ ဒဿမ ၃၈၉ သာရှိသောကြောင့် ကျပ်သန်းပေါင်း တစ်သိန်းကျော် လိုငွေပြနေသည်။
တိုင်းအစိုးရသုံးစွဲရန်လျာထားသည့် ဘတ်ဂျက်စုစုပေါင်းအနက် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ကျပ်သန်းပေါင်း ၃၃၉,၇၁၈ ဒသမ ၈၁၄ သုံးစွဲမည်ဖြစ်သည်။