ရန်ကုန်တိုင်းအတွင်းရှိ အနှိပ်ခန်းများကို ဥပဒေစည်းမျဉ်း၊ စည်းကမ်းများ ပြဌာန်းပြီး တရားဝင်ခွင့်ပြုပေးရန် လွှတ်တော်အမတ် တစ်ဦး၏ အရေးဆိုမှုကို လွှတ်တော်တွင် ဆက်လက်ဆွေးနွေးရန် ရန်ကုန်တိုင်း လွှတ်တော်က လက်ခံလိုက်သည်။
အနှိပ်ခန်းများတွင် အလုပ်လုပ်ကိုင်နေသော အနှိပ်သမများအနေဖြင့် ဥပဒေ၏ အကာကွယ်မရဘဲ လူ့အခွင့်အရေး ချိုးဖောက် ခံနေရသောကြောင့် ဥပဒေစည်းမျဉ်း၊ စည်းကမ်းများပြဌာန်းပြီး တရားဝင်ခွင့်ပြုပေးရန် ရန်ကင်းမြို့နယ်မှ တိုင်းလွှတ်တော်အမတ် ဦးသောင်းကျော်က ဒီဇင်ဘာ ၈ရက်က ပြုလုပ်သည့် တိုင်းလွှတ်တော်အထူး အစည်းအဝေးတွင် အရေးဆိုခဲ့ခြင်း ဖြစ်သည်။
“သူတို့ဟာ တစ်ညလုံးအလုပ်လုပ်ရတယ်။ အိပ်ချိန်က မနက်ပိုင်းလေးပဲရှိတယ်။ အလုပ်ချိန်နဲ့ပတ်သက်လို့ လည်း သူတို့ကို အကာအကွယ် မပေးနိုင်ဘူး။ သောက်စားမူး ယစ်လာတဲ့ အမျိုးသားတွေနဲ့ တွေ့တဲ့အခါမှာ လည်း ထိကပါး၊ ရိကပါး စော်ကားခံရတာတွေ ရှိတယ်” ဟု ဦးသောင်းကျော်က လွှတ်တော်တွင်ပြောသည်။
ထို့ကြောင့် တိုင်းအစိုးရအနေဖြင့် လေးလေးနက်နက်စဉ်းစားပြီး စည်းမျဉ်း၊ စည်းကမ်းသတ်မှတ်ကာ တရားဝင်ဖွင့်ခွင့် ပေးသင့်သည်ဟု ၎င်းက တောင်းဆိုသည်။
“ဥပဒေမဲ့လုပ်တဲ့အတွက်ကြောင့်မို့လို့ ဒီကလေးတွေဟာ အပြင်တောင်ထွက်လို့ မရဘူး။ ကျွန်လိုပဲ သူတို့လုပ်နေ ရတာ။ ညလုံးပေါက် အလုပ်လုပ်ရတယ်။ သတ်မှတ်တဲ့ ရှစ်နာရီ အလုပ်ချိန်ရယ်လို့လည်း မရှိဘူး” ဟုလည်း ဦးသောင်းကျော်က ပြောသည်။
၎င်း၏ အရေးဆိုမှုကို ဆက်လက်ဆွေးနွေးရန် လွှတ်တော်အမတ်အားလုံးက သဘောတူသည့်အတွက် ဒီဇင်ဘာ ၁၂ ရက်တွင် ပြုလုပ်မည့် လွှတ်တော် အစည်းအဝေးတွင် ဆွေးနွေးဆုံးဖြတ်ကြရန် လွှတ်တော် ဥက္ကဌဖြစ်သူ ဦးစိန်တင်ဝင်းက ညွှန်ကြားထားသည်။
မင်္ဂလာတောင်ညွှန့်မြို့နယ်မှ တိုင်းလွှတ်တော်အမတ် ဒေါက်တာ စောလှထွန်းကလည်း “စည်းမျဉ်း၊ စည်းကမ်းနဲ့ ခွင့်ပြုပေးမယ် ဆိုလို့ရှိရင် တိုင်းပြည်အတွက်လည်း အကျိုးရှိတဲ့အတွက်ကြောင့် တရားဝင် ခွင့်ပြုပေးသင့်တယ်ဆိုတဲ့ ဒီအဆိုကို ထောက်ခံပါတယ်” ဟု ဦးသောင်းကျော်၏ အဆိုအပေါ် ထောက်ခံခဲ့သည်။
ရန်ကုန်တွင် ဖွင့်လှစ်ထားသည့် အနှိပ်ခန်းများမှာ တစ်နာရီလျှင် အနိမ့်ဆုံး ကျပ်ငွေ သုံးထောင်မှ သောင်းဂဏန်း ထိပေးရသည်။