ကယောနီအဖွဲ့မှ လွှဲအပ်ပေးသည့် မြေယာ အငြင်းပွားမှုကိစ္စ ပြန်လည်မှုရရှိ

ကယောနီအဖွဲ့မှ လွှဲအပ်ပေးသည့် မြေယာ အငြင်းပွားမှုကိစ္စ ပြန်လည်မှုရရှိ
by -
ကန္တာရဝတီတိုင်းမ်

ကရင်နီအမျိုးသား ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးပါတီ (KNPDP) ဒေသအခေါ်အဝေါ် (ကယောနီ)အဖွဲ့မှ ပြန် လည်လွှဲအပ်ပေးသည့် ဒီးမော့ဆိုမြို့နယ်မှ မြေယာများ ဒေသခံအငြင်းပွားမှုကိစ္စ ပြန်လည်ပြေလည် သွားပြီဖြစ်ကြောင်းသိရသည်။

ဒီးမော့ဆိုမြို့နယ် ပဒိုငံကျေးရွာအနီးမှ စိုက်ခင်းအမှတ် (၁)မြေဧက ၂၂၀ အနက် (KNPDP) အဖွဲ့က ၁၄၈ ဧကကို ပဒိုငံကျေးရွာ ပြည်သူများထံ ပြီးခဲ့သည့် သြဂုတ်လ ၁၂ ရက်နေ့တွင် ပြန်လည်ပေးအပ်ခဲ့ရာ ဆိုဘောသဲကျေးရွာမှ ဒေသခံပြည်သူများက ယခင်က မိမိတို့ မြေယာဖြစ်ခဲ့သည့်အတွက် ကန့်ကွက်ခဲ့ကြသည်။

ထိုသို့ အဝေမတည့်သည့် ကိစ္စနှင့်ပတ်သက်၍ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ဘက်မှ အုပ်ချူပ်ရေးဆိုင်ရာ အမှတ် ၃ မှ ခရိုင်အုပ်ချူပ်ရေးမှူး နှင့် (KNPDP) အတွင်းရေးမှူး၊ ဆောင်ဒူလာအုပ်စုမှ လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့၊ နောင်ပုလဲကျေးရွာအုပ်စု လယ်ယာမြေစီမံခန့်ခွဲမှု ဥက္ကဌတို့မှ ညှိနှိုင်းဆောင် ရွက်ပေးခဲ့ရာ ပြန်လည်ပြေလည်သွားပြီးဖြစ်သည်ဟု အမှတ် ၃ ခရိုင်အုပ်ချူပ်ရေးမှူး ဦးလော်ရယ်က ပြောသည်။

“အဲဒီမြေကွက်က အရင်က ပြသာနာမဖြစ်ဘူးဆိုတာက တလှည့်စီ လုပ်စားကြတယ်လေ။ နောက်ပိုင်းကျတော့ စပါးတွေသန်လာကြတော့ ပတိုငံက အပိုင်လိုချင်တယ်။ ဆိုတော့ သူတို့ ညှိတဲ့အချိန်မှာ ဆိုဘောသဲကို ဘယ်နည်းဖြစ်ဖြစ် တဝက်ပဲမပေးနိုင် တောင်မှ ဘယ်နပုံပေးနိုင်မှာလဲ သူတို့အစည်းဝေးခေါ်ပြီးမှ (၁၅) ဧကနဲ့သဘောတူလိုက်တယ်။” ဟု ဦးလော်ရယ်ကပြောသည်။

မြေယာဧရိယာ ၁၄၈ ဧကထဲမှ ၁၅ ဧကကို ဆိုဘောသဲကျေးရွာမှ တောင်သူများထံ ပြန်လည်ပေးအပ်ခဲ့ပြီး ကျန်သည့်ဧရိယာကို ပတိုငံကျေးရွာအားလုံး ပိုင်ဆိုင်ကြောင်း ဆုံးဖြတ်ခဲ့ကြသည်ဟု သိရသည်။

“လက်ခံပါတယ်။ ကျနော်တို့ ဆိုဘောသဲရွာပိုင်တော့မဟုတ်ပါဘူး၊ အရင်က လုပ်စားခဲ့တဲ့ တောင်သူအနည်း စု တွေအတွက် နည်းနည်းပြန်ရတာပေါ့။ အတင်းပြန်ထောင်းထားရတာပါ။” ဟု ဆိုဘောသဲရွာမှ ဦးလေဝီက ပြောသည်။

၎င်းမြေများသည် ၁၉၉၉ ခုနှစ်တွင် ကယောနီအဖွဲ့မှ လက်နက်နှင့်ငြိမ်းချမ်းရေးလဲလှယ်ပြီး တပ်ဖွဲ့ဝင်မိသားစု များ သက်သာချောင်ချိရေးအတွက် အထောက်အကူပြုနိုင်ရန်ဆိုပြီး ၂၀၀၀ ခုနှစ်တွင် နိုင်ငံတော်အစိုးရမှ ၎င်းမြေယာများကို ပြည်သူများထံမှတဆင့် ချပေးခဲ့ခြင်းဖြစ်သည်။

Most read this week