အမေရိကန်နိုင်ငံမှ အကူအညီပေးအပ်သော မြေငလျင်တိုင်းတာစက် ငါးခုကို မြန်မာနိုင်ငံတွင်းရှိ နယ်စွန် နယ်ဖျား ဒေသများတွင် တပ်ဆင်ရန် ရည်ရွယ်ထားကာ ၂၀၁၅၊ ဇန်နဝါရီတွင် တပ်ဆင်ရန် စီစဉ်ထားကြောင်း မိုးလေဝသနှင့် ဇလဗေဒဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
“တိုင်းတာရေးစက် ငါးခုကို ဇန်နဝါရီလထဲမှာ တပ်ဆင်သွားဖို့ စီစဉ်ထားတယ်။ နေရာကတော့ ရွေးချယ်နေ ပါတယ်၊ သူတို့ လာရောက် လေ့လာပြီးမှ ရွေးချယ်တပ်ဆင်ပေးသွားမယ်လို့ သိရပါတယ်” ဟု ၎င်းက ပြောသည်။
ငလျင်၏ သဘောတရားအရ ငလျင်လှုပ်မည်။ မလှုပ်မည်ကို ကြိုတင်ခန့်မှန်း၍ မရဘဲ ငလျင်လှုပ်ခတ်ပြီးမှ သာ ပြင်းအား၊ အကွာအဝေးစသည့် အချက်အလက်များကို တိုင်းတာခြင်းဖြစ်ရာ အမေရိကန်နိုင်ငံမှ ကူညီ မည့်ငလျင်တိုင်းစက်များ ရောက်ရှိလာပါက သတင်း အချက်လက်များ ပိုမိုမှန်ကန်စွာ ရရှိနိုင်ပြီး ငလျင်တိုင်း တာသည့် စက်ဖြင့် အကွာအဝေးများစွာအထိ တိကျစွာ တိုင်းတာနိုင်မည် ဖြစ်သည်။
“ငလျင်တိုင်းတာရာမှာ နောက်ဆုံးပေါ် စက်တွေက အချက်အလက်တွေကို လွယ်လွယ်ကူကူသိတယ်။ အခုက ငလျင်လှုပ်ရင် နေပြည်တော် ကနေ ထုတ်ပြန်ပေးတာဖြစ်တယ်။ ဒါတွေပေါ်လာရင် နေရာအလိုက် ထုတ် ပြန်ပေးတာမျိုး လုပ်လာနိုင်မယ်ထင်တယ်” ဟု ငလျင် တိုင်းတာရေး ပညာရှင်တစ်ဦးက သုံးသပ်သည်။
ငလျင်တိုင်းတာစက် တပ်ဆင်ရန် မြန်မာနိုင်ငံမှ ပညာရှင်များက လေ့လာမှုများကိုလည်း ပြုလုပ်လျက်ရှိပြီး တပ်ဆင်ရမည့် နေရာများကိုလည်း အဆိုပြုထားပြီး ဖြစ်ကြောင်း၊ အမေရိကန်နိုင်ငံအနေဖြင့် ထပ်မံလေ့လာမှုများကို ပြုလုပ်သွားမည်ဖြစ်ကာ နှစ်ဦးနှစ်ဖက်ညှိနှိုင်း၍ လိုအပ်သည်များကို ဆက်လက်လုပ်ဆောင် သွားမည်ဟု ဆိုသည်။
အဆိုပါငလျင်တိုင်းစက်များသည် ပင်လယ်ပြင်တွင် ဖြစ်ပေါ်သော ငလျင်များကို တိုင်းတာ၍ရသော်လည်း အင်အား၊ အကွာအဝေး တွက်ချက်မှု များနှင့် ပတ်သက်၍ လိုအပ်ချက်များ ရှိနေသေးရာ ယင်းစက်များရောက် ရှိလာပါက အချက်အလက် မှန်ကန်စွာ တွက်ချက်နိုင်မည်ဟု ဆိုသည်။
မြန်မာနိုင်ငံအတွင်း မိုးလေဝသနှင့် ဇလဗေဒစခန်းပေါင်း ၁၅၈ ခုရှိ၍ ငလျင် တိုင်းတာရေးစက်အဖြစ် ၁၄ ခုသာ ရှိသည်ဟု ဆိုသည်။