လက်နက်ကိုင်တပ်ဖွဲ့များက တိမတည် သောကြောင့် ငြိမ်းချမ်းရေး မရသေးခြင်းဟု ဦးအေးနေဝင်း ဆို

လက်နက်ကိုင်တပ်ဖွဲ့များက တိမတည် သောကြောင့် ငြိမ်းချမ်းရေး မရသေးခြင်းဟု ဦးအေးနေဝင်း ဆို
by -
မဇ္စျိမ

တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ ကတိမတည်သောကြောင့် လက်ရှိအချိန်အထိ ငြိမ်းချမ်းရေး မရသေးခြင်းဖြစ်သည်ဟု မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီ (မဆလ) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးဟောင်း ဦးနေဝင်း၏ မြေးဖြစ်သူ ဦးအေးနေဝင်းက ဒီဇင်ဘာ ရ ရက်က သူရဲကောင်းစစ်သည် ဗိမာန်တွင် ကျင်းပခဲ့သော လူမသိသူမ သိကျဆုံးခဲ့သော စစ်သည်များအတွက် လွမ်းသူ့ပန်းခွေချ အခမ်းအနားတွင် ပြောသည်။

“လက်နက်ကိုင် အဖွဲ့အစည်းတွေဘက်က ကတိမတည်တာတွေ သိက္ခာမရှိတဲ့ လုပ်ရပ်တွေကြောင့် ငြိမ်းချမ်းရေးမရနိုင်ဘဲ ပြည်တွင်း ဆူပူမှုဖြစ်နေတာ အဓွန့်ရှည်နေတာပဲ ဖြစ်ပါတယ်” ဟု ဦးအေးနေဝင်းက ဆိုသည်။

ကျဆုံးတပ်မတော်သားများကို အလေးပြုအခမ်းအနားသို့ တက်ရောက်လာသည့် ဦးအေးနေဝင်း (ဝဲ- တိုက်ပုံအကျႋီဖြူ) ကိုတွေ့ရစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)

လက်နက်ကိုင် အဖွဲ့အစည်းဟူသည် မည်သည့်လက်နက်ကိုင်ဟု ဦးအေးနေဝင်းက ရည်ညွှန်း မပြောသော်လည်း တိုင်းရင်းသားခေါင်းဆောင် တစ်ဦးလည်းဖြစ်၊ ၀ါရင့် နိုင်ငံရေးသမား တစ်ဦးလည်းဖြစ်သည့် UNFC မှ တွဲဖက်အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး ခွန်ဥက္ကာက “စိတ်မကောင်းစရာပါပဲ။ သူ့မှာ တိုင်းရင်းသား တွေရဲ့ စိတ်နေစိတ်ထား၊ အတွေ့အကြံုနဲ့ သမိုင်းကြောင်းတွေ အများကြီး လေ့လာသင်ယူဖို့ လိုပါသေး တယ်။ တစ်ခုရှိတာက လက်ရှိအစိုးရ သဘောကျအောင် ပြောဆိုတာလည်း ဖြစ်နိုင်ပါတယ်။

သမိုင်းကြောင်းတွေမှာ ဘယ်သူက ကတိမခဲ့တာလဲဆိုတာ လေ့လာလို့ရပါတယ်။ သူ့ အနေနဲ့ တိုင်းရင်း သား အဖွဲ့အစည်းတွေဆီ ၀င်ထွက်ပါ။ ဆက်ဆံကြည့်ပါ။ အခုလုပ်နေတဲ့ နိုင်ငံရေး ဆွေးနွေးပွဲတွေ၊ ငြိမ်း ချမ်းရေးဆွေးနွေးပွဲတွေကို တက်ရောက်ဖို့ ဖိတ်ပါတယ်”ဟု တုံ့ပြန်သည်။

တပ်မတော်နှင့် ကေအိုင်အေ ဖြစ်ပွားလျက်ရှိသော တိုက်ပွဲများနှင့်ပတ်သက်၍ လွန်ခဲ့သောအနှစ် ၂၀ ခန့် ကတည်းက တပ်သားသစ်ထပ်မံ စုဆောင်ခြင်းမပြုရန် ကေအိုင်အိုက သဘောတူ လက်မှတ်ရေးထိုး ထား ခြင်းဖြစ်သော်လည်း တပ်သားသစ်များ ထပ်မံစုဆောင်းခြင်း၊ ဗိုလ်သင်တန်း ကျောင်းဖွင့်လှစ်ခြင်းများမှာ ရှက်ဖွယ် အနေအထားဖြစ်ကြောင်း ဦးနေဝင်းက ဆက်လက်ပြောဆိုထားသည်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဆရာသန်းစိုးနိုင်က “ဦးနေဝင်းမြေး အေးနေဝင်းက ဒီလိုပြောတယ်ဆိုတာ သိပ်တော့မဆန်းပါဘူး။ သူလည်း စစ်အာဏာရှင်တစ်ယောက်ရဲ့မြေးဖြစ်တာကိုး။ သူတို့ ဆိုတာကဗိုလ် ချုပ် နေဝင်းရဲ့မြေးဖြစ်တယ်ဆိုတာက လွဲလို့ နိုင်ငံရေးမှာရော လက်ရှိနိုင်ငံရေး လှုပ်ရှားမှုတွေမှာရော သူတို့အ ခန်းကဏ္ဍတွေက ဘာမှမရှိပါဘူး။ သူတို့က တပ်မတော်ဘက်က လက်ခံကာကွယ်ပြော ဆို နေပေမယ့် နိုင်ငံရေးအရ အကျိုးသက်ရောက်မှုက သိပ်ကြီးကြီးမားမားမရှိနိုင်ပါဘူး” ဟု သုံးသပ်ထားသည်။

ဖော်ပြပါအခမ်းအနားကို ပြည်တွင်းစစ်ကြောင့် လူမသိသူမသိကျဆုံးခဲ့သော တပ်မတော်သားများအတွက် ရည်ရွယ်ကျင်းပခဲ့ခြင်းဖြစ်ပြီး အစိုးရနှင့် တပ်မတော်၏ တိုက်တွန်းချက်ဖြင့်ပြုလုပ်ခြင်းမဟုတ်ကြောင်း ပွဲစီ စဉ်သူ အငြိမ်းစားဗိုလ်ကြီးဦးရောင်နီဦးကဆိုသည်။

အခမ်းအနားသို့ တက်ရောက်လာသူ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းကြည်(ငြိမ်း)က ၎င်းတို့ လက်ထက်က မလုပ်ရဲသောကိစ္စကို နောက်လူငယ်များ က လုပ်ဆောင်ခြင်းဖြစ်သည့်အတွက် များစွာဂုဏ်ယူကြောင်း၊ ကျဆုံး စစ်သည်များကို အလေးပြုပါကြောင်း ပြောကြားသည်။

“တိုင်းပြည်အတွက် လုပ်နေတဲ့သူတွေကို အကောင်းပြောမခံရတာကတို့လည်း ဆတ်ဆတ်ထိ မခံချင်ဘူး” ဟု ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းကြည်(ငြိမ်း) ကဆိုသည်။

ပြည်သူများထက် ငြိမ်းချမ်းရေးလိုလားသူများမှာ တပ်မတော်သားများနှင့် ၎င်းတို့၏မိသားစုဝင်များသာဖြစ် ပြီး လက်နက်ကိုင် တပ်ဖွဲ့များသည် ပြည်သူများအတွက် ငြိမ်းချမ်းရေးကိုထည့်သွင်း စဉ်းစားစေလိုကြောင်း ပွဲ ဖြစ်မြောက်ရေး ကော်မတီဝင်အငြိမ်းစား ဗိုလ်ကြီးရဲမိုးကဆိုသည်။

“တပ်မတော်ကြီးက တိုင်းပြည်ကိုဖျက်ဆီးနေတယ်။ တပ်မတော်ကြီးကတိုင်းပြည် ကိုချောက်ထဲ ရောက် အောင် လုပ်ခဲ့တယ်။ တပ်မတော်က အာဏာရှင်တွေရဲ့နောက်လိုက်စသဖြင့် ရှည်လျားတဲ့ သမိုင်း ထဲကမှ ကိုယ်လိုရာလေးကို ကောက်ချက်ဆွဲပြီးတော့ တပ်မတော်ကိုသိက္ခာချ၊ အပုတ်ချနေတဲ့ အယူအဆတွေဟာ ကျွန်တော်တို့ တပ်မတော်သားတွေရဲ့ရင်ကိုအပ်နဲ့ထိုးနေသလိုပါပဲ” ဟု ဗိုလ်ကြီး ရဲမိုးကဆိုသည်။

အခမ်းအနားသို့ ကျဆုံးတပ်မတော်သားများ၏ မိသားစုဝင်ပေါင်းရာနှင့် ချီတက်ရောက်ကာ လွမ်းသူ့ပန်းခြင်းများချကာ အလေးပြုခဲ့ကြသည်။

Most read this week