၂၀၁၅ ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်မည့် ANP လွှတ်တော်ကိုယ်စားလှယ်လောင်းစာရင်း မင်းပြားတွင်တောင်းခံ

၂၀၁၅ ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်မည့် ANP လွှတ်တော်ကိုယ်စားလှယ်လောင်းစာရင်း မင်းပြားတွင်တောင်းခံ
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် မင်းပြားမြို့နယ်မှ လွှတ်တော် သုံးရပ်တွင် ပါ၀င်ယှဉ်ပြိုင်ကြမည့် ရခိုင်အမျိုးသားပါတီ (ANP) ၏ ကိုယ်စားလှယ်လောင်းများ စာရင်းကို ဒီဇင်ဘာလ ၃၁ ရက်နေ့ကို နောက်ဆုံးထားပြီး တင်သွင်းရန် မြို့ နယ် ကော်မတီက ကျေညာချက် ထုတ်ထားသည်ဟု သိရသည်။

“မင်းပြားမြို့နယ် အတွင်းက လွှတ်တော် သုံးရပ်မှာ ၀င်ရောက်ယှဉ်ပြိုင်လိုတဲ့ ပါတီ ၀င်တွေ စာရင်းပေးပို့ကြဖို့ ဒီလ ၂ ရက်နေ့ကတည်းက ကျေညချက်ထုတ်ထားပါတယ်။ ဒီလ ၃၁ ရက်နေ့ကို နောက်ဆုံးထားပေးပို့ရပါမယ်” ဟု ယင်းမြို့နယ်၏ ANP ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသာကျော်က ပြောသည်။

မင်းပြားမြို့နယ်တွင် အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (၂) ဦး လစ်လပ်နေသဖြင့် ယခုလို စောစီးစွာ လွှတ်တော်ကိုယ်စားလှယ်စာရင်းကို တောင်းခံရခြင်း ဖြစ်ကြောင်း သူက ဆိုသည်။

“ရွေးကောက်ပွဲကတော့ ဖြစ်မှာပါ။ အစိုးရက ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကို လုပ်ပေးလိမ့်မယ်လို့ ကျွန်တော်က အပြည့်အဝ ယုံကြည်ပါတယ်။ ဒါကြောင့်လည်း လွှတ်တော်ကျင်းပမယ့်ရက် တိတိကျကျ မကျေညာခင် ကတည်းက လွှတ်တော်ကိုယ်စားလှယ်စာရင်းကို တောင်းခံထားတာ ဖြစ်ပါတယ်” ဟု ဦးသာကျော်က ဆက်ပြောသည်။

ယခင်က ပြုလုပ်ရန် စီစဉ်ခဲ့သည့် ကြားဖြတ် ရွေးကောက်ပွဲတုန်းက လစ်လပ်နေသော ကိုယ်စားလှယ် နှစ်နေ ရာအတွက် ကိုယ်စားလှယ် ၈ ဦးထိရှိခဲ့သည်ဟု သူက ဆိုသည်။

ယခုအခါ လွှတ်တော်ကိုယ်စားလှယ်များ လစာကို ၁၀ သိန်း တိုးမြှင့်ရန် ပြည်ထောင်စု လွှတ်တော်က သဘောတူထားရာ ရခိုင်ပြည်နယ် အနှံ့တွင် အမတ်လုပ်ချင်သူများ တိုးပွားနေသဖြင့် လွှတ်တော်တွင် ၀င်ရောက်ယှဉ်ပြိုင်လိုသည့် ကိုယ်စားလှယ် စာရင်းမှာ ယခင်ကထက် အဆပေါင်းများစွာ များနိုင်ကြောင်း လေ့ လာသုံးသပ်သူများက ပြောဆိုသည်။