အနည်းဆုံးလုပ်ခလစာ သတ်မှတ်နိုင်ရန်အတွက် တိုင်းနှင့်ပြည်နယ်များရှိ မြို့နယ် ၁၀၈ ခုတွင် နေထိုင် စားသောက်မှု စရိတ်များကို စစ်တမ်းကောက်ခံသွားတော့မည်ဟု အလုပ်သမား အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်က မဇ္စျိမကိုပြောသည်။
“ဝန်ကြီးဌာန အနေနဲ့က Pilot (အစမ်း) စကောက် ပြီးပြီ။ ခုမြို့နယ် ၁၀၈ မြို့နယ်ကို ကောက်ဖို့ အတည်ဖြစ်ပြီ။ အချို့တိုင်းနဲ့ပြည်နယ် နှစ်ခုလောက် ကတော့ မြို့ နယ်ကလေးတွေ ပြောင်းချင်တာရှိတယ် လို့ ပြောတယ်။ဝန်ကြီးဌာနက ကောက်မယ်ဆိုတဲ့မြို့တော့မကောက်နဲ့။ တစ်ခြားမြို့ပြောင်းကောက်ပေး ပါဆိုပြီးပြော လာတာပေါ့” ဟု ဦးမျိုးအောင်က ပြောသည်။
ဒီဇင်ဘာလ ၁၈ ရက်က ဝန်ကြီးဌာနတွင် ပြုလုပ်မည့် တိုင်းနှင့်ပြည်နယ် အလုပ်သမားဝန်ကြီးများ အစည်းအဝေး၌ စတင်ကောက်ယူမည့် ရက်နှင့် အပြီးဆောင် ရွက်နိုင်မည့် အချိန်ကာလကို သတ်မှတ်မည်ဖြစ်သော်လည်း မည်သည့် ကာကအတွင်း အပြီးဆောင်ရွက်မည်ကိုမူ မပြောနိုင်သေးဟု ဆိုသည်။
မြို့နယ်များတွင် တစ်ပြိုင်နက်တည်း ကောက်ခံနိုင်ရန်အတွက် ၀န်ကြီးဌာနအနေဖြင့် စာရွက်စာတမ်းများနှင့် သင်တန်းများပေးထားပြီး ကုန်ကျစရိတ်များကို လည်း ကျခံသွားမည်ဟုဆိုသည်။
အဆိုပါစစ်တမ်းမှ ရရှိလာသည့် အချက်အလက်များပေါ်မှုတည်ပြီး တိုင်းနှင့်ပြည်နယ်အလိုက် အဆိုပြုလာသည့် လုပ်ခလစာများကို ပြည်သူထူထုထံ ထုတ်ပြန်ကြေငြာမည်ဖြစ်သည်။
သတ်မှတ်လိုက်သည့် အနည်းဆုံးလုပ်ခလစာကို အလုပ်သမားများအနေဖြင့် ကျေနပ်မှုမရှိပါက နှစ်လအတွင်း ကန့်ကွက်နိုင်မည်ဖြစ်သည်။
“သတ်မှတ်လိုက်တဲ့ လုပ်ခလစာကို အလုပ်ရှင်တွေက မကျေနပ်ဘူးဆိုရင် အလုပ်ရှင်တွေကိုလည်း စစ်တမ်းကောက်မယ်။ အဲဒီအခါကျရင် ထပ်ပြီတော့ ချပြ မယ်သတ်မှတ်မယ်။ အဲဒါကို မကျေနပ်သေးဘူးဆိုရင် စက်ရုံအလုပ်သမားတွေကို ထပ်ပြီးစစ်တမ်းကောက်မယ်” ဟုညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင် ကပြော သည်။
လက်ရှိတွင် အနည်းဆုံးလုပ်ခလစာ သတ်မှတ်ပေးနိုင်ရန်အတွက် ရန်ကုန်မြို့တွင် ဆန္ဒပြတောင်းဆိုမှုများကို အကြိမ်ကြိမ်ပြုလုပ်လျှက်ရှိသည်။ ထို့အပြင်အလုပ် သမားအလုပ်အကိုင်နှင့် လူမှုဖူလုံးရေးဝန်ကြီးဌာန အနေဖြင့် အနည်းဆုံး လုပ်ခလစာ သတ်မှတ်ပေးနိုင်ရန် အကောင်အထည်ဖော်မှု နှောင်းနှေးကြန့်ကြာလျှက် ရှိသည်ဟု အလုပ်သမားအဖွဲ့အစည်းများက ထောက်ပြပြောဆိုကြသည်။
“နှောင်းနှေးတာမှန်တယ်။ ဒါကို အလွယ်တစ်ကူလုပ်လိုက်ရင် ပညာရေးဥပဒေထက်ဆိုးသွားမယ်။ အလုပ်သမားတွေ မြောက်များစွာ ပြဿနာတက်နိုင်တယ်။ ဒါကြောင့်သေချာလုပ်နေရတာ” ဟု ဦးမျိုးအောင်ကပြောသည်။
အလုပ်သမားအလုပ်အကိုင်နှင့် လူမှုဖူလုံးရေး ဝန်ကြီးဌာနအနေဖြင့် ၂၀၁၄ ခုနှစ်ဒီဇင်ဘာလ တွင် နောက်ဆုံး ထားပြီး အနည်းဆုံးလုပ်ခလစာ သတ်မှတ်ပေးနိုင် ရန် ဆောင်ရွက်မည်ဟု ထုတ်ပြန်ခဲ့သောလည်း လက်တွေ့ တွင်မူ လုပ်ဆောင်နိုင်ခြင်း မရှိသေးပေ။ အနည်းဆုံးလုပ်ခလစာကို တစ်ရက်လျှင်ကျပ် ရ၀၀၀ထောင် သတ်မှတ်ပေးနိုင်ရန် မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂအဖွဲ့ချုပ်(MPUF) မှ နေထိုင်မှုစရိတ် စစ်တမ်းကောက်ယူပြီး ထုတ်ပြန်ခဲ့သည်။