အမျိုးသမီးများ အုပ်ချုပ်ရေး ကဏ္ဍတွင် ပိုမိုပါ၀င်လာရန် လက်ရှိကျင့်သုံးနေသော စနစ်ကို ပြန်လည်လေ့လာသုံး သပ်ရန် လိုအပ်နေပြီဟု ကမ္ဘာ့ကုလသမဂ္ဂဌာန ညှိနှိုင်းရေးမှုးရုံးမှ အကြီးတန်း အကြံပေးပုဂ္ဂိုလ် ဒေါ်စုစုသာထွန်း က ဒီဇင်ဘာလ ၆ ရက်က ရန်ကုန်မြို့၌ကျင်းပသော အပြည်ပြည်ဆိုင်ရာ အမျိုးသမီးဖိုရမ် ဒုတိယနေ ့တွင် ပြောကြားလိုက််သည်။
“မြန်မာ အမျိုးသမီးတွေ အုပ်ချုပ်ရေးမှာ ပိုမိုပါ၀င်လာနိုင်ဖို့အတွက် စနစ်ကိုလည်း အများကြီးပြောင်းဖို့ လိုပါတယ်။ အလုပ်အကိုင် ခန့်တဲ့ နေရာကိုကြည့်ရင် စနစ်ကို ပြန်လေ့လာသုံးသပ်ရမယ် ဆိုတာသိသာ ပေါ် လွင်နေတယ်။ စနစ်ဆိုတာ အုပ်ချုပ်ရေး၊ ပညာရေး၊ နည်းပညာ ကဏ္ဍပေါင်းစုံပါပါတယ်။ အမျိုးသမီးတွေပူးပေါင်းပါ၀င်မှုကို ရာနှုန်းပြည့် ပံ့ပိုးပေးနိုင်သောစနစ်ကို ပညာရှင်တွေအပါအဝင် အမျိုးသား၊ အမျိုးသမီးအားလုံး ပါ၀င်လေ့လာသုံးသပ်တည် ဆောက်ရမယ်။” ဟု ၎င်းက ပြောသည်။
မြန်မာနိုင်ငံသာမက အာဆီယံ ဒေသများတွင်ပါ ကျင့်သုံးခဲ့သော ယန္တရားများကို ကြည့်မည်ဆိုပါက အမျိုးသားများ ဦးဆောင်သော ယန္တရားများသာ ဖြစ်ခဲ့သောကြောင့် အမျိုးသမီးများ အပေါ်ထားရှိသော အတွေးအခေါ်နှင့် သဘောထားများပါ ပြောင်းလဲရန် လိုအပ်သည်ဟု ဒေါ်စုစုသာထွန်းက ဆိုသည်။
မြန်မာအမျိုးသမီးရေးရာအဖွဲ့ချုပ်မှ ဥက္ကဌ ပါမောက္ခဒေါ်ခင်မာထွန်းကမူ “အုပ်ချုပ်ရေးအဆင့်ဆိုတာ အနည်းဆုံး ဒု-ညွှန်မှုးအဆင့်၊ ပညာရေးမှာ တွဲဖက်ပါမောက္ခ အဆင့်ကိုပြောတာပါ။ ခုဆိုရင်တော့ အမျိုးသမီးတွေက ဒီအဆင့်တွေမှာ တဖြည်းဖြည်းများလာပါပြီ။ အမျိုးသားတွေကလည်း ကျား/မ မရွေး စွမ်းဆောင်မှုရှိသူသာ အပေါ်ထပ်ပြီး တက်ရမယ်ဆိုတာ လက်ခံလာနေကြပါပြီ” ဟုဆိုသည်။
ဒီဇင်ဘာ ၅ ရက်ကနေပြည်တော်တွင် ပြုလုပ်ခဲ့သော အမျိုးသမီး ဖိုရမ် ပထမနေ့တွင်လည်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ မိန့်ခွန်းပြောဆိုခဲ့သေးသည်။
အဆိုပါ မိန့်ခွန်းတွင် ဒေါ်အောင်ဆန်းစုကြည် က နိုင်ငံရေးဦးဆောင်မှုများတွင် မှန်ကန်သော ပါဝင်မှုမျိုးဖြင့် အမျိုးသမီးများ ပိုမိုပါဝင်ရန် လိုအပ်ကြောင်း တို်က်တွန်းခဲ့သလို သမ္မတ ဦးသိန်းစိန်ကလည်း အမျိုးသမီးများ၏ ရပိုင်ခွင့် အခွင့်အရေးများကို ကာကွယ်စောင့်ရှောက် မည်ဟု ကတိပြုခဲ့သည်။