ကချင်ပြည်နယ်၌ မြေတိုင်းဝန်ထမ်း ငွေညှစ်သဖြင့် လယ်ပိုင်ရှင်များ မကျေနပ်

ကချင်ပြည်နယ်၌ မြေတိုင်းဝန်ထမ်း ငွေညှစ်သဖြင့် လယ်ပိုင်ရှင်များ မကျေနပ်
by -
ဇော်ကြီး
ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ နမ္မတီးကျေးရွာအုပ်စု အတွင်းရှိလယ်သမားများ တရားဝင်ဝယ်ယူထားသည့် လယ်ယာမြေများအား တရားမဝင်ဟုဆိုကာ မြေတိုင်းဝန်ထမ်းတဦးမှ ငွေညှစ်နေသည်ဟု ဒေသခံ လယ်သမား များက ပြော ...

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ နမ္မတီးကျေးရွာအုပ်စု အတွင်းရှိလယ်သမားများ တရားဝင်ဝယ်ယူထားသည့် လယ်ယာမြေများအား တရားမဝင်ဟုဆိုကာ မြေတိုင်းဝန်ထမ်းတဦးမှ ငွေညှစ်နေသည်ဟု ဒေသခံ လယ်သမား များက ပြောသည်။

နမ္မတီးကျေးရွာအုပ်စုအတွင်းရှိ နမ္မတီး၊ ထီးတင်၊ ကံလှ၊ နမ့်နောင်ကွင်း ဒေသ မြေစာရင်းတာဝန်ခံက လယ်သ မားများ တရားဝင်ဝယ်ယူထားသည့် လယ်ယာများအား မြေစာရင်းဌာနတွင် ပိုင်ရှင်အမည် လွဲပြောင်းမှတ်ပုံ တင်ရမည်ဟုဆိုကာ ယခုလ ၆ရက်နေ့ မှ စ၍ လယ်သမားများထံမှ မတန်တဆ ငွေများတောင်းယူနေသည်ဟု နမ္မတီးနယ်ခံ တဦးက ယခုလိုပြောသည်။

“တရားဝင်လူကြီးတွေနဲ့ နှစ်ဦးနှစ်ဖက် သဘောတူပြီးတော့ ကျနော်တို့အရောင်းအဝယ်ပြု ထားကြတဲ့ မြေပါလို့ ပြောကြတဲ့အခါမှာ သူက(မြေတိုင်းတာဝန်ခံ)ဘယ်ဆိုင်မလဲ မရဘူး။ ဒါကမြေစာရင်းဌာနမှာ မှတ်ပုံတင်ရမယ်။ အဲလိုမှတ်ပုံတင်တဲ့အတွက် ထိုက်သင့်တဲ့ ငွေကြေး ပေးဆောင်ရမယ်။ နို့မို့လို့ရှိရင် ဒါ အစိုးရက သိမ်းပိုင်ခွင့်ရှိတယ်။ ရောင်းဝယ် ပိုင်ခွင့် မရှိဘူး ဆိုပြီး ခြိမ်းခြောက်တယ်။ ပြီးတော့ တဧကကိုလေးသောင်းနှုန်းနဲ့ ပေးဆောင် ရမယ်ဆိုပြီး ရှစ်ဧကအတွက် ငွေတောင်းရမ်းသွားတယ်။ မြေ ဂရံပေါက် မပေါက်တော့ မသိသေးဘူး။”

လယ်ယာ အရောင်းအဝယ် လုပ်ထားသူများ၏ စာရင်းများအား စစ်ဆေးကာ ပိုင်ရှင် အပြောင်းအလဲ မလုပ်သေးသူများထံမှ ကောက်ခံနေခြင်းဖြစ်သည်ဟု ၎င်းက ဆက် ပြောသည်။

“မြေစာရင်းအရ ဒီလယ်က ဘယ်သူလုပ်ပိုင်ကွက်၊ ဘယ်သူပိုင်အကွက်ဆိုပြီးတော့လုပ်ပိုင် ကွက်လေး ပေးထားတာရှိတယ်။ ဒီကျနော်တို့ ဘိုးဘွားပိုင်တွေကအစပေ့ါလေ။ အဲဒီထဲက နဂိုမူလ အမည်မဟုတ် တဲ့ နာမည်တွေကို လိုက်လံစစ်ဆေးပြီးတော့ အခုလိုငွေညှစ်တဲ့ သဘောမျိုးဖြစ်ပါတယ်။”

လယ်ယာမြေများအား  အာဏာပိုင်များနှင့် တရားဝင်် စာချုပ်ချုပ်ဆို၍ ဝယ်ယူထားခြင်း ဖြစ်ပြီး ယခုငွေညှစ် တောင်းခြင်းသည် တရားဝင် ဟုတ်မဟုတ် မသိကြသဖြင့် လယ်ယာမြေ ဝယ်ယူသူများ မကျေမနပ် ဖြစ်နေကြ သည်ဟု ပြောသည်။

“တရားဝင်အားဖြင့် ကျနော်တို့ နားလည်မှုသဘောအရ မယကတွေ၊ ရယကတွေဆီမှာ တစ်ဧကကို ၅ဝဝ၊ ၁ဝဝဝ စသည်ဖြင့်ပဲ သတ်မှတ်ပြီးတော့ စာချုပ်စာတမ်းပြုလုပ်တာ ရှိပါတယ်။ အခုသူကျတော့ ဒါမျိုးလုပ်တဲ့အပိုင်းမှာ ဒီငွေဟာ အစိုးရက တရားဝင်သတ်မှတ် ထားတဲ့ ငွေကြေးဟုတ်မဟုတ်။ တ ကယ်လို့ဟုတ်ခဲ့သည့်တိုင်အောင် တောင်သူလယ်သမား တွေအပေါ်မှာ ဒီလောက်ထိ ပြုလုပ်ရသလား။ စသည်ဖြင့် ရင်ထဲမှာမခံချိမခံသာဖြစ်ပြီး မေးချင်တဲ့ဆန္ဒလေးတွေရှိပေမယ့် မေးမြန်းတဲ့အခါ စကား မှားလို့ သူတို့အနေနဲ့ ဒုက္ခရောက် မှာကြောက်လို့ ရင်ထဲမှာကျိတ်ပြီးခံစားနေကြတယ်။”

ယခုလို မိုးဦးကာလဆန်စပါးစိုက်ပျိုးချိန်၌ လယ်ယာမြေဝယ်ယူစားရိတ်အပြင် အခွန်နှုန်းများ မတန်တဆ ကောက် နေမှုကြောင့် လယ်ယာလုပ်ကိုင်သူများ အခက်အခဲဖြစ်နေကြ သည််။

Most read this week