လိပ်ကျွန်းလူသတ်မှုကိစ္စ တရားမျှတရန် ထိုင်းတာဝန်ယူဟု ထိုင်းသံအမတ်ပြော

လိပ်ကျွန်းလူသတ်မှုကိစ္စ တရားမျှတရန် ထိုင်းတာဝန်ယူဟု ထိုင်းသံအမတ်ပြော
by -
မဇ္စျိမ

 ထိုင်းနိုင်ငံ လိပ်ကျွန်း လူသတ်မှုတွင် မြန်မာနှစ်ဦး အသတ်ခံရခြင်းနှင့် ပတ်သက်၍ တရားစီရင်ရေးတွင် တရားမျှတမှု ရှိစေရန် တာဝန်ယူသည်ဟု မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ် H.E. Ambassador Pisanu Suvanajata က ဒီဇင်ဘာလ ၅ ရက်က မဇ္စျိမကို ပြောသည်။

"ကျွန်တော်တို့မှာ ပွင့်လင်းမြင်သာမှုနဲ့ တိကျတဲ့ ပေါ်လစီတွေ ရှိပါတယ်။ ကျွန်တော်တို့ ဘာပဲလုပ်လုပ် ပွင့်ပွင့်လင်းလင်းပဲလုပ်ပါတယ်။ ခင်ဗျားတို့ စစ်ဆေးနိုင်တယ်။ မေးမြန်းစုံစမ်းနိုင်တယ်။ ဒီဖြစ်ရပ်ကို ဖြစ်ပေါ်စဉ် ကတည်းက ဘန်ကောက်မှာ ရှိတဲ့ မြန်မာသံရုံးက သူတွေ ပါဝင်ခဲ့ပါတယ်(စစ်ဆေးမှုတွင်)။ ဟိုမှာ ဖြစ်ခဲ့တဲ့ အရာတွေအတွက် ကျွန်တော်တို့ တာဝန်ယူပါတယ်။ မြန်မာက ကျွန်တော်တို့ သူငယ်ချင်းတွေ ပါ။ ဒီကိစ္စကို တရားမျှတမှုရှိစေရမယ်။ ဥပဒေအတိုင်း ဖြစ်နေရမယ်။ ကျွန်တော်တိုက အမြဲမျှတမှုကို အလေးထားပါတယ်" ဟု H.E. Ambassador Pisanu Suvanajata က ပြောသည်။

ယင်းအမှုတွင် ထိုင်းရဲတပ်ဖွဲ့၏ စစ်ဆေးမှုများနှင့် ပတ်သက်၍ တရားမျှတမှု မရှိဟုဆိုကာ ထိုင်းမီဒီယာများ အပါအဝင် ထိုင်းလူ့အခွင့် အရေး ကောင်စီကပါ ဝေဖန်မှုများလည်း ရှိနေပြီး အမှုအား အထူးစုံစမ်းစစ်ဆေးရေး အဖွဲ့ဖြင့် ပြန်စစ်ပေးရန်လည်း တောင်းဆိုထားမှုများ ရှိထားသည်။

လက်ရှိတွင် မြန်မာနှစ်ဦးအား လူသတ်မှုဖြင့် စွဲဆိုဖမ်းဆီးထားပြီး မြန်မာနှစ်ဦး၏ အမှုစွဲဆိုချက်ကို စစ်ဆေးရန် ကော့စမွီခရိုင် တရားရုံးက ဒီဇင်ဘာလ ၄ ရက်က လက်ခံလိုက်ကာ ဒီဇင်ဘာလ ၈ ရက်တွင် ပထမဆုံးအကြိမ် စစ်ဆေးတော့မည်ဖြစ်သည်။ ထိုင်းရဲတို့က အောက်တိုဘာလ ၈ရက်တွင် ပထမအကြိမ် အမှုစွဲဆိုစဉ် အမှုတည်ဆောက်မှု မပြည့်စုံ၍ တရားရုံးက ပယ်ချကာ ထပ်မံစစ်ဆေးရန် ညွှန်ကြားထားခြင်း လည်း ဖြစ်သည်။

ထိုင်းရဲတပ်ဖွဲ့သည် ထိုင်းနိုင်ငံ ခိုတောင်ကျွန်း (လိပ်ကျွန်း) တွင် စက်တင်ဘာ ၁၅ ရက် က အသတ်ခံရသည့် ဗြိတိန်စုံတွဲအမှုကို မြန်မာနိုင်ငံ သား ကိုဇော်လင်းဦးနှင့် ကိုဝင်းဇော်ထွန်းတို့ကျူးလွန်သည်ဟု အောက်တိုဘာ ၂ ရက်တွင် ထုတ်ပြန်ထားသည်။ထို့ပြင် အမှုအတည်ပြုရာတွင် အဓိက သက်သေဖြစ်သည့် မျိုးရိုးဗီဇ (ဒီအန်အေ) စစ်ဆေးရာတွင် လုပ်ထုံးလုပ်နည်းများနှင့် မညီဟုဆိုကာ ပြန်လည် စစ်ဆေးရန် ထိုင်းဝန်ကြီးချုပ်က ရဲတပ်ဖွဲ့က ညွှန်ကြားခဲ့သည်။

သို့သော် မြန်မာသံရုံး အထူးအဖွဲ့နှင့် အမှုအတွက် အာဏာ လွှဲအပ်ထားသည့် ထိုင်းရှေ့နေများကောင်စီဝင် တစ်ဦးက ၎င်းတို့၏ ခွင့်ပြုချက်ဖြင့်သာ မျက်မှောက်တွင် စစ်ဆေးရန် တောင်းဆိုထားပြီး ယနေ့တိုင် ပြန်လည်စစ်ဆေးခြင်းမရှိသေးပေ။

အဆိုပါ မြန်မာနိုင်ငံသားနှစ်ဦးကို လူသတ်မှု၊ မုဒိန်းမှု၊ ပစ္စည်းလုယက်မှု၊ ထိန်ချိန်မှု၊ ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်မှု၊ တရားမဝင် နေထိုင်မှုတို့ဖြင့် ထိုင်းရဲတို့က စွဲချက် တင်ထားခြင်းဖြစ်သည်။