စည်ပင် ကိုယ်စားလှယ်လောင်းများ မဲဆွယ်ဆိုင်းဘုတ် စိုက်ထူခွင့်မပြု၊ မဲရုံစောင့်ကြည့်ခွင့် ပေးမည်

စည်ပင် ကိုယ်စားလှယ်လောင်းများ မဲဆွယ်ဆိုင်းဘုတ် စိုက်ထူခွင့်မပြု၊ မဲရုံစောင့်ကြည့်ခွင့် ပေးမည်
by -
မဇ္စျိမ

 နှစ်ပေါင်းခြောက်ဆယ်ကျော်အတွင်း ပထမဆုံးအကြိမ် ပြည်သူကို ရွေးချယ်ခွင့်ပြုသည့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အဆင့်ဆင့် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း များအား မဲဆွယ်စည်းရုံးမည့် ကြော်ငြာဆိုင်းဘုတ်များ စိုက်ထူခွင့်မပြုဟု ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်က ပြောဆိုလိုက်သည်။

“ကိုယ်စားလှယ်လောင်း တစ်ဦးချင်းစီကို ကြော်ငြာဆိုင်းဘုတ်များ စိုက်ထူခွင့်ပြုပါက ဆိုင်းဘုတ်များရှုတ်ထွေး များပြားပြီး မြို့တော်ရဲ့ အလှအပပတ်ဝန်းကျင်ကို အနှောင့်အယှက်ဖြစ်နိုင်တဲ့အတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ ခွင့်ပြုထားခြင်းမရှိပါဘူး” ဟု မြို့တော်ဝန်က ဒီဇင်ဘာ ၄ရက်ကပြုလုပ်သည့် တိုင်းလွှတ်တော်အစည်းအဝေးတွင် ပြောဆိုလိုက်ခြင်းဖြစ်သည်။

Development-Election

သို့သော် ကိုယ်စားလှယ်လောင်းများ အနေဖြင့် လက်ကမ်းစာစောင်များဖြန့်ဝေခွင့်နှင့် အခြားမဲဆွယ်စည်းရုံးရေး လုပ်ငန်းများကိုမူ ဥပဒေနှင့်အညီ လုပ်ဆောင်ခွင့်ပြုမည်ဟု မြိ့တော်ဝန်က ပြောသည်။

ဒီဇင်ဘာ ၂၇ရက်တွင် ပြုလုပ်မည့် စည်ပင်ရွေးကောက်ပွဲတွင် မဲရုံပေါင်း တစ်ထောင်ကျော်ထားရှိသွားမည်ဖြစ်ပြီး ကိုယ်စားလှယ်လောင်း ၂၉၃ဦးက ဝင်ရောက်အရွေးခံမည်ဖြစ်သည်။

ရွေးကောက်ပွဲနေ့၌ မဲရုံများတွင် စောင့်ကြည့်ခွင့်ပေးမည်ဟုလည်း မြို့တော်ဝန်က ဆိုသည်။

“မဲဆန္ဒရှင်ပြည်သူများရဲ့ လျို့ဝှက်မဲပေးခြင်းကို အနှောက်အယှက်မဖြစ်စေဘဲ ကိုယ်စားလှယ်လောင်းများ၊ ကိုယ်စားလှယ်လောင်းများရဲ့ မဲရုံကိုယ်စားလှယ်များအပြင် သတင်းမီဒီယာများကိုပါ မဲရုံများမှာ စောင့်ကြည့်ခွင့်ပေးမှာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

ထို့ပြင် မဲပေးရာတွင် ပြည်သူများ အချိန်ကြန့်ကြာမှုမရှိစေရန် မဲရုံတစ်ရုံတွင် မဲပေးသူအရေအတွက် အယောက် ၃၀၀ သာ သတ်မှတ်ထား သည်။

လက်ရှိတွင် ရွေးကောက်ပွဲကျင်းပရန် ရက်ပေါင်း ၂၀ သာ လိုတော့သော်လည်း ပြည်သူတို့ ကျယ်ပြန့်စွာမသိ ရှိသေးဟု ဝင်ရောက်ယှဉ်ပြိုင် မည့် ကိုယ်စားလှယ်လောင်းအချို့က ဝေဖန်လျက်ရှိနေသည်။

မဲပေးသူများသည် ရွေးချယ်လိုသည့် ပုဂ္ဂိုလ်၏ ဓာတ်ပုံနံဘေး အမှန်ခြစ်ခြင်းဖြင့် ဆန္ဒပြရမည် ဖြစ်ပြီး ခရိုင်အလိုက် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ၀င်အဖြစ် တာဝန် ထမ်းဆောင်မည့်သူ တစ်ဦး၊ မြို့နယ်နှင့် ခရိုင်စည်ပင်သာယာရေး ကော်မတီဝင် အဖြစ် တာဝန်ထမ်းဆောင်မည့်သူ သုံးဦးစီ စုစုပေါင်း ရ ဦးရွေးချယ်ရမည်ဖြစ်သည်။

ရန်ကုန်မြို့တော်နေပြည်သူတစ်ဦးလျှင် နေထိုင်သည့်ခရိုင်ကိုယ်စားပြုမည့်  မြို့တော်ကော်မတီဝင် မဲပုံး ၁ပုံး၊ မြို့နယ်နှင့် ခရိုင်အဆင့်အတွက် ရပ်မိရပ်ဖကိုယ်စားလှယ်၊ တတ်သိပညာရှင်ကိုယ်စားလှယ်၊ လူမှုရေးကိုယ်စားလှယ် စသဖြင့် သုံးဦးစီ  စုစုပေါင်း မဲပုံး ရ ပုံးတွင် ဆန္ဒပြုရမည်ဖြစ်သည်။

စည်ပင်ရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်အရ ရန်ကုန်မြို့နေ လူဦးရေ လေးသိန်းကျော် မဲပေးခွင့်ရှိပြီး စုစုပေါင်းမြို့တော်ကော်မတီဝင် ၄ ဦး၊ ခရိုင်ကော်မတီဝင် ၁၂ ဦး၊ မြို့နယ်ကော်မတီဝင် ၉၉ ဦး စုစုပေါင်း ၁၁၅ ဦး ရွေးချယ်ပေးရမည်ဖြစ်သည်။

Most read this week