လာမည့် ၂၀၁၅-၁၆ ဘဏ္ဍာနှစ်တွင် ရန်ကုန်မြို့အတွင်း ခုံးကျော်တံတားသုံးစင်း ထပ်မံ တည်ဆောက်သွား မည်ဟု ရန်ကုန်တိုင်း အစိုးရအဖွဲ့မှ ဘဏ္ဍာရေးဝန်ကြီး ဒေါ်စန်းစန်းနွယ်က ဒီဇင်ဘာလ ၃ ရက်နေ့ က ပြုလုပ်သည့် တိုင်းလွှတ်တော် အထူး အစည်းအဝေးတွင် ပြောသည်။
ထပ်မံတည်ဆောက်မည့် ခုံးကျော်တံတားသုံးစင်းမှာ တာမွေမြို့နယ်အတွင်း တာမွေခုံးကျော်တံတား၊ မရမ်း ကုန်းမြို့နယ်အတွင်း ရှစ်မိုင်လမ်းဆုံ ခုံးကျော်တံတားနှင့် ဗဟန်းမြို့နယ်အတွင်း ကုက္ကိုင်းလမ်းဆုံ ခုံးကျော်တံတားတို့ တည်ဆောက်မည်ဟု ဘဏ္ဍာရေး ဝန်ကြီးက ပြောသည်။
လာမည့် ဘဏ္ဍာနှစ်အတွက်ရသုံးခန့် မှန်းခြေငွေစာရင်းလျာထားချက်ကို ဘဏ္ဍာရေးဝန်ကြီးက လွှတ်တော်သို့ ရှင်းပြစဉ် အဆိုပါခုံးကျော် တံတား သုံးစင်းတည် ဆောက်မည့်အစီအစဉ်ကို ထည့်သွင်းပြောဆိုခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ခုံးကျော်တံတားသုံးစင်းကို တိုင်းအစိုးရအဖွဲ့၏ “အထူးစီမံကိန်း လုပ်ငန်းများ”အဖြစ် သတ်မှတ်ထား သည်။
ခုံးကျော်တံတားများ တည်ဆောက်ရန် တိုင်းအစိုးရ၏ ငွေလုံးငွေရင်း အသုံးစရိတ်တွင် ထည့်သွင်းထားပြီး တာမွေခုံးကျော်တံတား တည်ဆောက်ရန် ကျပ်သန်းပေါင်း ၂၂,၅၀၀၊ ရှစ်မိုင်လမ်းဆုံ ခုံးကျော်တံတား တည် ဆောက်ရန် ကျပ်သန်းပေါင်း ၁၆,၄၅၀ နှင့် ကုက္ကိုင်းလမ်းဆုံ ခုံးကျော်တံတား တည်ဆောက်ရန် ကျပ်သန်း ပေါင်း ၁၅,၄၀၀ ကုန်ကျမည်ဟု ဆိုသည်။
သို့သော် ခုံးကျော်တံတားများ၏အရှည်၊ နေရာအတိအကျနှင့် အသေးစိတ် အချက်အလက်များကိုမူ ဘဏ္ဍာ ရေးဝန်ကြီးက ရှင်းပြခြင်းမရှိခဲ့ပေ။
ထိုသို့ ခုံးကျော်တံတားသုံးစင်းကို ကျပ်သန်းပေါင်း ငါးသောင်းကျော် အကုန်ခံပြီး တိုင်းအစိုးရက တည်ဆောက် မည်ဖြစ်သကဲ့သို့ ရန်ကုန်မြို့တွင်း ယာဉ်ကြောပိတ်ဆို့မှု ရှင်းလင်းရာတွင် အသုံးစရိတ်အဖြစ် ကျပ် သန်း ပေါင်း ၃၀,၀၀၀ သုံးစွဲရန် လျာထားသည်။
ယာဉ်ကြောပိတ်ဆို့မှုရှင်းရန် သုံးစွဲမည့်အဆိုပါ ကျပ်သန်းပေါင်း ၃၀,၀၀၀ကို မြို့ တွင်းရှိ အရေးကြီးမီးပွိုင့် ၆၅ ခုကို Control Center ဖြင့် ထိန်းချုပ်ခြင်းလုပ်ငန်းနှင့် အစိုးရနှင့်ပုဂ်္ဂလိကပေါင်းပြီးTran-sporting ကိစ္စ ဆောင်ရွက်ရန် ရင်းနှီးမြှုပ်နှံရာတွင် သုံးစွဲသွားမည်ဖြစ်သည်။
ခုံးကျော်တံတားများ တည်ဆောက်ရန်ပါရှိသည့် တိုင်းအစိုးရအဖွဲ့၏ ရသုံးခန့်မှန်းခြေငွေစာရင်းကို လာမည့် ဒီဇင်ဘာ ၈ ရက်တွင် ပြုလုပ်မည့် တိုင်းလွှတ်တော်အစည်းအဝေးတွင် ဆွေးနွေးရန် လွှတ်တော်ဥက္ကဋ္ဌက ဆုံးဖြတ်ထားသည်။
သို့သော် လွှတ်တော်အမတ်များ ဝင်ရောက်ဆွေးနွေးရန်မှာ လေ့လာရန်အချိန် နည်းနေသည့်အပေါ် လွှတ်တော်အမတ် ဒေါက်တာ ညိုညိုသင်းက ဝေဖန်သည်။
အဘယ့်ကြောင့်ဆိုသော် လွှတ်တော်အမတ်များသည် ဒီဇင်ဘာ ၅ ရက်တွင် ဆွေးနွေးလိုသည့် အကြောင်း အရာများကို လွှတ်တော်ရုံးသို့ ပေးပို့ရမည်ဖြစ်သည်။
ရန်ကုန်တွင် ရွှေဂုံတိုင်ခုံးကျော်တံတား၊ ဘုရင့်နောင်ခုံးကျော်တံတား လှည်းတန်း ခုံးကျော်တံတားတို့ တည်ဆောက်ပြီးဖြစ်ကာ မြေနီကုန်း လမ်းဆုံတွင်လည်း ခုံးကျော်တံတား တည်ဆောက်ဆဲဖြစ်သည်။