မိကျောင်းကန် သပိတ်အရေး အစိုးရ တစ်ပတ်အတွင်း မညှိနှိုင်းပေးလျှင် သပိတ်အရှိန်မြှင့်မည်ဟုဆို

မိကျောင်းကန် သပိတ်အရေး အစိုးရ တစ်ပတ်အတွင်း မညှိနှိုင်းပေးလျှင် သပိတ်အရှိန်မြှင့်မည်ဟုဆို
by -
မဇ္စျိမ

 မိကျောင်းကန် သပိတ်စခန်း နေသူများက ရန်ကုန်တိုင်းဝန်ကြီးချုပ် အပါအဝင် အစိုးရအဖွဲ့များသို့ အိုးအိမ်မြေယာအရေး ညှိနှိုင်းဆွေးနွေးပေးရန် ဒီဇင်ဘာလ ၄ ရက်တွင် စာပေးပို့တောင်းဆိုသွားမည်ဟု ဒီဇင်ဘာ ၃ ရက်နေ့က သတင်းစာရှင်းလင်းပွဲတွင် သပိတ်စခန်းမှ ဦးမောင်မောင်က ပြောကြားလိုက်သည်။

အဆိုပါ ညှိနှိုင်းဆွေးနွေးမှုများအတွက် တစ်ပတ်စောင့်ဆိုင်းသွားမည်ဖြစ်ပြီး တစ်ပတ်အတွင်း ညှိနှိုင်းဆွေးနွေး အဖြေရှာမှုများ ပီပြင်စွာ ဖြစ်ပေါ်မလာပါက လူထုလှုပ်ရှားမှု ပုံသဏ္ဍန်အမျိုးမျိုးဖြင့် ညှိနှိုင်းရေးပီပြင် စွာ ဖြစ်ပေါ်လာစေရန် အရှိန်မြှင့်လုပ်ဆောင်သွားမည်ဟု ၎င်းက ဆိုသည်။

Meechaungkan-Agrarian

"သက်ဆိုင်ရာ အစိုးရတွေနဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ ပီပီပြင်ပြင်ဖြစ်လာဖို့ စောင့်ဆိုင်းသွားမယ်။ အဲ့လိုမှ မဟုတ်ရင် သက်ဆိုင်ရာ အစိုရးရရုံးတွေမှာ ဆန္ဒပြသွားမယ်။ ရဲစခန်းတွေ၊ တရားရုံးတွေရှေ့မှာလည်း ထပ်ပြီး ဆန္ဒဖော်ထုတ်သွားမယ်’’ ဟု  ဦးမောင်မောင် က ပြောသည်။

အဆိုပါ အစိုးရအဖွဲ့မှ ပီပီပြင်ပြင်ဆွေးနွေးညှိနှိုင်းပေးရေး တောင်းဆိုချက်စာကို ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးမြင့်ဆွေ၊  ပြည်ထောင်စုဝန်ကြီးများ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ရန်ကုန်မြို့တော်ဝန်၊ ရန်ကုန်တိုင်းဒေသကြီး မြို့တော်စည်ပင်သာယာရေး ကော်မတီ၊ လုံခြံုရေးဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်း (ရန်ကုန်တိုင်းဒေသကြီး အစိုးရ)၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည်၊ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှု စုံစမ်းစစ်ဆေးရေးကော်မရှင်၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်း၊ ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်ရုံးနှင့် မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့သို့ ဒီဇင်ဘာ ၄ ရက်တွင် ပေးပို့ မည် ဖြစ်သည်။

အဆိုပါ မိကျောင်းကန်သပိတ်စခန်းမှ ဆန္ဒထုတ်ဖော်နေသူများက မိမိတို့သိမ်းဆည်းခံရသည် မြေကို လည်းကောင်း၊ အလားတူ ကာလတန်းဖိုးရှိသည့် နစ်နာကြေးကို လည်းကောင်း၊ အစားထိုးမြေကို လည်းကောင်း ပြန်လည်ရရှိရေးအတွက် ညှိနှိုင်းဆွေးနွေးရာ တွင် တောင်းဆိုဖြစ်သည်ဟု ဦးမောင်မောင်က ပြောသည်။

ထိုသို့ အစိုးရအဖွဲ့များနှင့် ညှိနှိုင်းဆွေးနွေးနိုင်ရန် ဒီဇင်ဘာ ၃ ရက်တွင် မိကျောင်းကန်ဒေသခံ ၂၈၁ ဦးမှ  ဒေါ်ကံကြည်၊ ဒေါ်စောသိန်း၊ ဒေါ်ကြည်ဝင်း၊ ဒေါ်အေးမိ၊ ဦးခင်မောင်မြင့်နှင့် ဦးခင်မောင်မြင့် နှင့် ဦးမောင်မောင်တို့ ၆ ဦးဖြင့် ညှိနှိုင်းရေးကော်မတီကို ဖွဲ့စည်းလိုက်ပြီဖြစ်သည်။

အဆိုပါ ကော်မတီနှင့် ပတ်သက်ပြီး အကြောင်းအမျိုးမျိုးကြောင့် အဆက်အသွယ်ပြတ်တောက်နေသော မိကျောင်းကန်မိသားစုဝင်များမှ ညှိနှိုင်းရေကော်မတီနှင့် သပိတ်စခန်းမှ မိသားစုများ၏ ဆုံးဖြတ် ညှိနှိုင်းမှုများကို လက်ခံခြင်း၊ လက်မခံခြင်းများကို ဆွေးနွေးနိုင်ရန် ဆက်သွယ်အကြောင်းကြားရန် ၅ ရက်ကြာ စောင့်ဆိုင်း သွားမည်ဖြစ်သည်။

သင်္ဃန်းကျွန်းမြို့နယ်၊ မိကျောင်းကန် ၁၊ ၂၊ ၃ ရပ်ကွက် မြေသိမ်းခံရခြင်းနှင့် ပတ်သက်ပြီး ဆန္ဒဖော်ထုတ်မှု ခုနစ်ကြိမ်နှင့် သပိတ်စခန်း သုံးကြိမ် ဖွင့်လှစ်ခဲ့သည်။

ပထမအကြိမ် သပိတ်စခန်းကို ၂၀၁၃ ခုနှစ် အောက်တိုဘာ ၂ ရက်က ဖွင့်လှစ်ခဲ့ပြီး ဒုတိယအကြိမ်  သပိတ်စခန်းကို နိုဝင်ဘာလ ၂၆ ရက်က စတင်ဖွင့်လှစ်ခဲ့ပြီး ဒီဇင်ဘာလ ၁၂ ရက်တွင် ပိတ်သိမ်းခဲ့ခြင်းဖြစ် သည်။ ယင်းသပိတ်စခန်း ပိတ်သိမ်းပြီး ၃ လအကြာ ၂၀၁၄ ခုုနှစ် မတ်လ ၂၄ ရက်က မဟာဗန္ဓုလပန်းခြံအနီးရှိ ရန်ကုန်တရားလွှတ်တော်ရုံးရှေ့တွင် သပိတ်စခန်းပြန်လည် ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။

Most read this week