အမျိုးသား ပညာရေး ဥပဒေ၏ အားနည်းချက်များ စာတမ်းဖတ်ပွဲ ပြုလုပ်မည်

အမျိုးသား ပညာရေး ဥပဒေ၏ အားနည်းချက်များ စာတမ်းဖတ်ပွဲ ပြုလုပ်မည်
by -
မဇ္စျိမ

 ကျောင်းသားထုက ကန့်ကွက် ဆန္ဒဖော်ထုတ်နေသည့် အမျိုးသား ပညားရေး ဥပဒေ၏ အားနည်းချက်များနှင့် ပတ်သက်၍ ပညာရှင်များဖြင့် ဒီဇင်ဘာလ ၅ ရက်နေ့တွင် စာတမ်းဖတ်ပွဲ ပြုလုပ်သွားမည်ဖြစ်သည်ဟု ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီမှ ကိုအောင်နေပိုင်က မဇ္ဈိမကို ပြောသည်။

အဆိုပါစာတမ်းဖတ်ပွဲကို နာရေး ကူညီမှုအသင်း(ရန်ကုန်)၌ ကျင်းပပြုလုပ်မည်ဖြစ်ပြီး ပညာရှင်စာတမ်း ၁၄ စောင်ဖတ်ကြားသွားမည် ဖြစ်သည်။ အဆိုပါစာတမ်းများကို ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံ လုံးဆိုင်ရာ ကွန်ရက် NNER မှ ပညာရှင်များ၊ တိုင်းရင်းသား ကိုယ်စားလှယ်များနှင့် နိုင်ငံရေး ပါတီအချို့မှ ကိုယ်စားလှယ်များက ဖတ်ကြားမည်ဖြစ်သည်။

ကိုအောင်နေပိုင်က “ဗဟိုချုပ်ကိုင်မှု များနေတယ် ဆိုတာကို ပညာရှင်တွေ စာတမ်းဖတ်မှာ ဖြစ်တယ်” ဟု ပြောသည်။

အမျိုးသား ပညာရေးဥပဒေကို ကန့်ကွက်ဆန်္ဒဖော်ထုတ်ခဲ့သည့် ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဦးဆောင် ကော်မတီ၏ ရက်ပေါင်း ၆၀ အတွင်း လုပ်ရှားမှုတွင် အနယ်နယ်အရပ်ရပ်၌ ယင်းဥပဒေကို ကန့်ကွက် ဆန္ဒဖော်ထုတ်ခြင်း၊ စာတမ်းဖတ်ခြင်းနှင့် ဆွေးနွေးခြင်းများ ပြုလုပ်သွားမည်ဖြစ်သည်။

အဆိုပါဥပဒေနှင့် ပတ်သက်ပြီး နိုဝင်ဘာ ၁၇ ရက်က စတင်ကာ ရက်ပေါင်း ၆၀ အတွင်း လက်ရှိအစိုးရနှင့် တာဝန်ရှိသူများက သပိတ်မှောက် ကျောင်းသားထုအား လာရောက်စေ့စပ်ညှိနှိုင်းပေးရန် ထုတ်ပြန် ထားသည်။

ဒီမိုကရေစီပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီဝင် ကိုပိုင်ရဲသူက “၆၁ ရက်မြောက်နေ့မှာ အစိုးရက လာရောက်မညှိနှိုင်းဘူးဆိုရင် အမျိုးသား ပညာရေး ဥပဒေကို ဆန့်ကျင်ကန့်ကွက် သပိတ်မှောက်သွားမယ်” ဟု ပြောသည်။

အတည်ပြုပြီးဖြစ်သည့် အမျိုးသားပညာရေးဥပဒေကိုဆန္ဒပြခဲ့သည့် ကျောင်းသားများက ယင်းဥပဒေ အပေါ် လေးပွင်ဆိုင် (ပညာရေး ဝန်ကြီးဌာန၊NNER၊ လွှတ်တော်နှင့် ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီ) တွေ့ဆုံညှိနှိုင်းရန် တောင်းဆိုထားသည်။

Most read this week