တပ်မတော်၏ ပစ်ခတ်မှုကြောင့် သေဆုံးသွားသည့် ကိုအောင်နိုင် (ခ) ကိုအောင်ကျော်နိုင်(ခ) ကိုပါကြီး၏ အမှုကို ရဲလုပ်ငန်းစဉ်များ အတိုင်း ဆောင်ရွက်၍ နယ်ဘက်ဆိုင်ရာ တရားရုံးတွင် စစ်ဆေးသင့်သည် ဟု မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့် အရေး ကော်မရှင်က သမ္မတထံ အကြံပြုထားသည်ဟု ဒီဇင်ဘာ ၂ ရက်တွင် အစီရင်ခံစာ ထုတ်ပြန်လိုက်သည်။
ကိုပါကြီးသည် မြန်မာနိုင်ငံသား တစ်ဦးဖြစ်သောကြောင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၄၇ တွင် ပြဌာန်းထားချက် အရ နိုင်ငံသား များ၏ မူလအခွင့်အရေး ရရှိစေရန်နှင့် အများပြည်သူအမြင်တွင် ပွင့်လင်းမြင်သာမှုရှိစေရန် အမှုကို နယ်ဘက်ဆိုင်ရာ တရားရုံးတွင် စစ်ဆေးသင့်ကြောင်း ကော်မရှင်၏ အစီရင်ခံစာတွင် ဖော်ပြထားခြင်း ဖြစ်သည်။
တပ်မတော်မှ ကိုပါကြီးအား ဖမ်းဆီးထိန်းသိမ်းထားချိန်တွင် စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ နှိပ်စက်ညှင်း ပန်းခဲ့ခြင်းမရှိဘဲ ထွက်ပြေးစဉ် ပစ်ခတ်မှုကြောင့် သေနတ်ဒဏ်ရာဖြင့်သာ သေဆုံးခဲ့ခြင်းဖြစ်သည်ဟု သက်သေများ၏ ထွက်ဆိုချက်အရ စစ်ဆေးတွေ့ရှိခဲ့သည်ဟု ဆိုသည်။
ကိုပါကြီးကို ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) နှင့် တပ်မတော်တို့ စက်တင်ဘာ ၂၇၊ ၂၈ ရက် ရွှေဝါချောင်ကျေးရွာ အနီးတွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအပြီး စက်တင်ဘာလ ၃၀ ရက်၌ ကျိုက်မရော စက်လှေဆိပ်၌ ဖမ်းမိသည်ဟု တပ်မတော်က ဆိုထားသည်။
ထိုသို့ ထိန်းသိမ်းထားစဉ်အတွင်း ကင်းစောင့်စစ်သည်ထံမှ သေနတ်လုပြေး၍ ပစ်ခတ်ဖမ်းဆီးရာ တွင် သေနတ်ဒဏ်ရာရ၍ အောက်တိုဘာ ၄ ရက်တွင် သေဆုံးသည်ဟု သတင်းထုတ်ပြန်ထားခြင်း ဖြစ်သည်။
ကာကွယ်ရေး ဝန်ကြီးဌာန၏ အောက်တိုဘာ ၃၁ ရက်ထုတ်ပြန်စာတွင် “တပ်မတော် အနေဖြင့် ကိုပါကြီးကို ဖမ်းဆီးရမိချိန်မှာ ရန်သူတစ်ဦး အနေနှင့်သာ ဖမ်းဆီးရမိခြင်း ဖြစ်သည်” ဟု ဖော်ပြထားသည်။ ကိုပါကြီးကို တပ်မတော်က အလွတ်သတင်းထောက် မဟုတ်ဟု ငြင်းဆို ထားပြီး မိသားစုဝင်တို့နှင့် မီဒီယာသမားအချို့က ယင်းသို့ ပြောခြင်းမဟုတ်မှန်ဟု ထုတ်ဖော်ပြောဆိုကြသည်။ လူ့အခွင့်အရေး ကော်မရှင်ကမူ ယင်းနှင့် စပ်လျဉ်း၍ စစ်ဆေးမှုများ၊ လေ့လာမှုများ ပြုလုပ်ထားသော်လည်း မှတ်ချက်ပြုမထားပေ။
ထို့ပြင် တပ်မတော်၏ ထုတ်ပြန်ချက်တွင် ပါဝင်သော DKBA လက်အောက်ခံ ကလို့ထူးဘော ကရင့်အစည်း အရုံး (KKO) အဖွဲ့ဝင်ဟူသည့် အချက်ကို လည်းကောင်း၊ သတင်းထောက် တစ်ဦးဟူ၍ လည်းကောင်း တစ်ထစ်ချကောက်ယူရန် ခက်ခဲသည်ဟု မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က သုံးသပ်ထားသည်။