မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင် Toyo-Thai ကုမ္ပဏီက တည်ဆောက်မည့် ကျောက်မီးသွေး စက်ရုံနှင့် ပတ်သက်ပြီး ကောင်း ကျိုး၊ ဆိုးကျိုးကို သိရှိနိုင်ရန် ကုမ္ပဏီ၏ အစီအစဉ်ဖြင့် ဒေသခံများကို ထိုင်းနှင့် ဂျပန်နိုင်ငံရှိ ကျောက်မီးသွေး စက်ရုံများသို့ လေ့လာရန် ဖိတ်ခေါ်ထားသည် ဟု ပြည်နယ်အစိုးရ အဖွဲ့ထံမှ သိရသည်။
ပြည်နယ် စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဒေါက်တာမင်းနွယ်စိုးက “မွန်ဒေသခံ ၁၀ ယောက်ပေါ့။ ထိုင်းနဲ့ ဂျပန်ကို လွှတ်မှာ။ အဓိကကတော့ အဲဒီနိုင်ငံတွေမှာရှိတဲ့ ကျောက်မီးသွေးစက်ရုံနဲ့ ပတ်သက်ပြီးတော့ သွားရောက်လေ့လာမှာ ဖြစ်တယ်” ဟု ပြောသည်။
သွားရောက်လေ့လာရန် ဖိတ်ခေါ်ခံထားရသူများမှာ စက်ရုံတည်ဆောက်ရန် လျာထားသည့် အံဒင်ကျေး ရွာမှ ဘုန်းတော်ကြီးတစ်ပါး အပါအဝင် ရွာခံငါးဦး၊ ဒေသအခြေစိုက် မီဒီယာသမားအချို့၊ ရေးမြို့နယ် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ၊ သဘာဝသယံဇာတ အရင်းအမြစ်များ တူးဖော်ထုတ်ယူသုံး စွဲရေးဆိုင်ရာ ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေးအဖွဲ့ (EITI) မှ ဒေသခံအဖွဲ့ဝင်တို့ ပါဝင်သည်။
ခရီးစဉ်အတွက် ကုန်ကျစရိတ်အားလုံးကို Toyo-Thai ကုမ္ပဏီက တာဝန်ယူမည်ဖြစ်ပြီး မွန်ပြည်နယ် အစိုးရအဖွဲ့မှ တစ်ဆင့် သွားရောက်လေ့လာသူများကို စုဆောင်းရှာဖွေပေးခြင်း ဖြစ်သည်။
ခရီးစဉ်ကို ဒီဇင်ဘာ ဒုတိယပတ်တွင် စတင်မည်ဖြစ်ပြီး၊ ဂျပန်နိုင်ငံတွင် ၄ ရက်နှင့် ထိုင်းနိုင်ငံတွင် ၂ ရက် စုစုပေါင်း ၆ ရက် ကြာလိမ့်မည်ဟု လည်း ဝန်ကြီးက ပြောသည်။
ရေးအခြေစိုက် မြစ်မခသတင်းထောက် ကိုဝင်းနိုင်သက်က “လေ့လာတဲ့အခါမှာလည်း ကိုယ်မြင်သလို တွေ့ သလို လွတ်လပ်စွာနဲ့ ပြန်ပြီးရေး သား ပြောဆိုနိုင်တယ်လို့လည်း ပြောထားတယ်” ဟု ပြောသည်။
ရေးမြို့နယ် အံဒင်ကျေးရွာအနီးတွင် တည်ဆောက်မည့် ၁၂၈၀ မဂ္ဂါဝပ်ထုတ် ယင်းကျောက်မီးသွေးစက်ရုံ စီမံကိန်းကို အကောင်အထည်ဖော် ရန် Toyo-Thai Group ကုမ္ပဏီက ၂၀၁၄ ခုနှစ် နှစ်ဆန်းပိုင်းခန့်က စတင်ခဲ့သည်။
ယင်းစီမံကိန်းသည် ဒေသခံများ ခွင့်ပြုချက်ရရှိမှ တည်ဆောက်ခွင့်ရရှိမည် ဖြစ်သဖြင့် စည်းရုံးရေးအရ လေ့ လာစေခြင်းသာဖြစ်သည် ဟု ဒေသခံများအကြား သုံးသပ်ပြောဆိုကြသည်။
အမေရိကန်ဒေါ်လာ သန်း ၂,၇၀၀ အကုန်ကျခံမည့် ထိုစက်ရုံသည် ၂၀၁၇ ခုနှစ်အကုန်တွင် စီးပွားဖြစ် စတင်လည်ပတ်ရန် လျာထားပြီး BOT စနစ်၊ အနှစ် ၃၀ စီမံကိန်းဖြစ်သည်ဟု စီမံကိန်းအကျဉ်းချုပ်တွင် ဖော်ပြထားသည်။