အရပ်ဘက်အဖွဲ့အစည်းများ အပြင်းအထန်ကန့်ကွက်ခဲ့သည့် လူမှုရေး၊ ဘာသာရေးနှင့် ပတ်သက်သည့် ဥပဒေကြမ်းများကို အများပြည်သူ လေ့လာအကြံပြုနိုင်ရန် ဖော်ပြပေးတော့မည်ဟု ဒီဇင်ဘာ ၁ ရက်ထုတ် နိုင်ငံပိုင် သတင်းစာများတွင် ထည့်သွင်း ကြေငြာ လိုက်သည်။
အဆိုပါ ဥပဒေကြမ်းများမှာ “ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာဥပဒေကြမ်း”၊ “လူဦးရေတိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာ ကျန်းမာရေး စောင့်ရှောက်မှု ဥပဒေကြမ်း”၊ “မြန်မာဗုဒ္ဓဘာသာဝင် မိန်းမများ အထူးထိမ်းမြားခြင်းဆိုင်ရာ ဥပဒေကြမ်း” နှင့် “တစ်လင် တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေကြမ်း” တို့ဖြစ်သည်။
ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေကြမ်းကို ဒီဇင်ဘာ ၁ ရက်ထုတ် နိုင်ငံပိုင်သတင်းစာတွင် ထည့်သွင်းဖော်ပြထားပြီး လူဦးရေတိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှု ဥပဒေကြမ်းကိုမူ ဒီဇင်ဘာ ၂ ရက်တွင် ပါရှိမည်ဖြစ်သည်။
အခြားဥပဒေကြမ်းနှစ်ခုကိုလည်း ဆက်လက်ဖော်ပြသွားမည်ဟု အစိုးရပိုင် သတင်းစာများတွင် ရေးသားထား သည်။
အဆိုပါ ဥပဒေကြမ်းများ ထွက်ပေါ်လာသည်မှာ အမျိုးဘာသာ သာသနာကို စောင့်ရှောက်ရန်ဟုဆိုကာ ဖွဲ့စည်းထားသည့် သံဃာအချို့၏ လှုံ့ဆော်မှုမှ စတင်ခဲ့ခြင်းဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သံဃာတော်အချို့ ဦးဆောင်သည့် အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့က ယင်းဥပဒေများပြဌာန်းပေးရန် သမ္မတထံ တောင်းဆိုခဲ့မှု၏ နောက်ဆက်တွဲဖြစ်သည်။
သို့သော် မျိုးစောင့်ဥပဒေရေးဆွဲရေးအပါအဝင် ဘာသာရေးအခြေခံ နိုင်ငံရေးလှုပ်ရှားမှုများနှင့် အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး
လှုံ့ဆော်မှုများသည် အစွန်းရောက် အကြမ်းဖက်မှုများ တားဆီးရန်နှင့် ဘာသာပေါင်းစုံငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရန်တို့ မကိုက်ညီစေသည့်အပြင် ၂၀၁၅အထွေထွေရွေးကောက်ပွဲ မတိုင်မီ “ပြည်သူများအား အာရုံပြောင်းသောကိစ္စ” ဟု အရပ်ဘက် အဖွဲ့အစည်းပေါင်း ၁၀၀ကျော်က မေလအတွင်း သတင်းထုတ်ပြန်ခဲ့သည်။
Equality Myanmar ၏ ဒါရိုက်တာ ဦးအောင်မျိုးမင်းက “ဘာသာရေးကို အခြေခံတဲ့ ခွဲခြားမှုတွေ ဖြစ်ပေါ်နိုင်တယ်။ တစ်ချိန်တည်းမှာပဲ ကိုယ့်ရဲ့အမျိုးဘာသာကို ကာကွယ်တာဟာ သူတစ်ပါးအမျိုးဘာသာကို နှိမ့်ချဆက်ဆံတာမျိုး ဖြစ်နိုင်တယ်” ဟု အဆိုပါ ဥပဒေကြမ်းများ၏ သဘောတရားကို သုံးသပ်ခဲ့သည်။
ယင်းဥပဒေကြမ်းများအား ပြည်သူသို့ ချပြပြီးပါက ပြန်စမည့် လွှတ်တော်သို့ ရောက်ရှိလာဖွယ်ရှိပြီး ယင်းအချိန်သည် ဖွဲ့စည်းပုံပြင်ဆင်ရေး လုပ်ငန်းများ၊ ဖွဲ့စည်းပုံပြင်ဆင်ရေးဆိုင်ရာ ဥပဒေကြမ်းအပေါ် လူထုဆန္ဒခံယူပွဲနှင့် အထွေထွေရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီများ၏ စည်းရုံးရေးလုပ်ဆောင်မည့် အချိန်နှင့် တိုက်ဆိုင်နေသည်။