ကျဆုံးသွားသော အစိုးရတပ်မတော်သားများအတွက် ပန်းခွေချ အခမ်းအနား ပြုလုပ်မည်

ကျဆုံးသွားသော အစိုးရတပ်မတော်သားများအတွက် ပန်းခွေချ အခမ်းအနား ပြုလုပ်မည်
by -
မဇ္စျိမ

တာဝန်ထမ်းဆောင်ရင်း လူမသိသူမသိ ကျဆုံးခဲ့ရသော တပ်မတော် စစ်သည်များအတွက် လွမ်းသူပန်းခွေချ အခမ်းအနားကို ဒီဇင်ဘာ ရ ရက် မွန်းလွဲ ၂ နာရီတွင် ရွှေတိဂုံဘုရား၊ မြောက်ဘက်မုဒ်အနီး သူရဲကောင်းစစ် သည်များ ဗိမာန်၌ ပြုလုပ်မည် ဟု ရောင်နီဦးနှင့် မိတ်ဆွေများ ပရဟိတအဖွဲ့မှ ဦးရောင်နီဦးက နိုဝင်ဘာ ၂၇ တွင် မဇ္စျိမကို ပြောသည်။

"ကချင်ပြည်နယ်မှာ လက်နက်ကြီးနဲ့ အပစ်ခံရလို့ ကျဆုံးသွားတဲ့ ဗိုလ်လောင်းတွေအတွက် MPC အရှေ့မှာ ပန်းခြင်းတွေချကြတယ်။ ဝမ်းနည်းကြောင်း စာတွေရေးကြတယ်။ ကျွန်တော်တို့က သူတို့လုပ်လို့ တန်ပြန်လုပ်တာ မဟုတ်ပါဘူး။ လူတွေကို သိစေချင်တာပါ။ အာဏာရှင်ကို မုန်းတာလား၊ တပ်မတော်ကို မုန်းတာလား၊ ကွဲပြားစေချင်တာပါ" ဟု ဦးရောင်နီဦးက ပြောသည်။

ရောင်နီဦးနှင့်မိတ်ဆွေများ ပရဟိတအဖွဲ့သည် ကျဆုံးသွားသော တပ်မတော်သားများနှင့် ခြေလက်ဒဏ်ရာ ရရှိထားသော တပ်မတော်သားများ ၏ မိသားစုဈင်များကို ကျန်းမာရေး၊ ပညာရေး ပရဟိတများ ဆောင်ရွက် လျက်ရှိကြောင်း ၎င်းကဆိုသည်။

အဆိုပါ ပန်းခွေချအခမ်းအနားသို့ စစ်မှုထမ်းဟောင်းများ၊ ကိုယ်လက်အင်္ဂါ စွန့်လွှတ်ခဲ့ရသည့် စစ်သည်ရဲဘော်များ၊ ၎င်းတို့၏ မိသားစု ဝင်များ၊ ပြည်သူများဖြင့် အဆိုပါအခမ်းအနားကို လုပ်ဆောင်သွားမည်ဖြစ်ပြီး တရားဝင်ခွင့်ပြုမိန့်လည်း တင်သွားမည်ဟု ပြောသည်။

တပ်မတော်၏ မူဝါဒအရ တိုက်ပွဲတွင် ကျဆုံးပါက သတင်းစာတွင်ပင် တိုင်းပြည်တာဝန်ထမ်းဆောင်ရင်း အသက်ပေးသွားသည် ဟု ကြေငြာခွင့်မရဘဲ ကွယ်လွန်ကြောင်းသာ ကြေငြာခွင့်ရခဲ့ကြောင်း၊ ကိုယ်လက်အင်္ဂါထိခိုက် ဆုံးရှုံးရသောရဲဘော်များမှာ လည်း နိုင်ငံတော်နှင့် ပြည်သူ၏ လစ်လျူရှုမှုကိုခံခဲ့ရသည့် အခြေအနေများ ကိုပြည်သူများ သိရှိစေရန် ယခုပွဲကိုစီစဉ်ရခြင်းဖြစ်ကြောင်း ဗိုလ်ကြီး(ငြိမ်း) ဦးရောင်နီဦးက ဆိုသည်။

နို၀င်ဘာ ၁၉ ရက်တွင် ကေအိုင်အေဌာနချုပ် လိုင်ဇာမြို့အနီး ဗိုလ်သင်တန်းကျောင်းသို့ တပ်မတော်မှ လက်နက်ကြီး ကျရောက်ခဲ့ သဖြင့် သေဆုံးသွားသော တိုင်းရင်းသားဗိုလ်လောင်းများအတွက် ဆုတောင်းခြင်း အခမ်းအနားများ ပြုလုပ်ခဲ့ကြပြီး နိုင်ငံရေးပါတီများ၊ အဖွဲ့အစည်းများက ကြေညာချက်များ ထုတ်ပြန်ခဲ့ကြသည်။

Most read this week