ရန်ကုန်မြို့တော်စည်ပင် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး လုပ်ငန်းများအတွက် အသုံးစရိတ်အနည်းငယ်သာ အသုံးပြု သွားမည်ဟု စည်ပင်ရွေးကောက်ပွဲဝင်မည့် ကိုယ်စားလှယ်အချို့က မဇ္စျိမကိုပြောသည်။
နှစ်ပေါင်း ၆၀ ကျော်မှ ပထမဆုံး အကြိမ်ပြန်လည်ပြုလုပ်မည့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော် မတီအဆင့်ဆင့် ရွေးကောက်ပွဲ အတွက် ကိုယ်စားလှယ်အချို့က ကျပ်သိန်းရာချီ အသုံးပြု၍ ပြည်သူလူထုကို မဲဆွယ်စည်းရုံးကြမည် ဖြစ်သော်လည်း ကိုယ်စားလှယ် အချို့မှာ ငွေကြေးအခက်အခဲ ရှိနေခြင်းဖြစ်သည်။
ရန်ကုန်မြို့တော် စည်ပင်ကော်မတီဝင်အဖြစ် အနောက်ပိုင်းခရိုင်မှ ၀င်ရောက်ရွေးချယ်ခံမည့် ဦးစိုးဌေးက “အဓိကက ပြည်သူူလူထုနဲ့ တိုက်ရိုက်ထိတွေ့နိုင်အောင် တစ်နေရာဆီသွားပြီး စကားပြောမယ် ကိုယ်ရေး အချက်အလက်ပါတဲ့ လက်ကမ်းစာစောင်လေးတွေဝေမယ်။ အခြားကြီးကြီးမားမားတွေလုပ်ဖို့က ငွေကြေး အခက်အခဲလေးတွေရှိတယ်” ဟုဆိုသည်။
ကိုယ်စားလှယ်အချို့သည်ကားများဖြင့် လိုက်လံကာမဲဆွယ်စည်းရုံးရေးဆောင်ရွက်ရာတွင် ဖျော်ဖြေရေးအစီ အစဉ်များပါ ထည့်သွင်းသွားကာမဲဆွယ်ကြမည်ဖြစ်ပြီး အသုံးစရိတ်ကို သိန်း ၂၀၀ ကျော်အထိ လျာထား ကြသည်ဟု ဦးစိုးဌေးက ပြောသည်။
သို့သော် ရန်ကုန်မြို့တော်စည်ပင်ကော်မတီဝင်အဖြစ် ၀င်ေရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးတက်ကြွလှုပ်ရှား သူတစ်ဦးဖြစ်သူ ဦးဝင်းချိုက “ခုတော့ လက်ကမ်းစာစောင်ဝေတာတွေ ကားနဲ့လိုက်မဲဆွယ်မှာတွေကို နီးစပ် ရာမိတ်ဆွေတွေ ကူညီပေးမှုနဲ့ မဲဆွယ်လုပ်ငန်းတွေလုပ်မှာပါ ကျွန်တော့အနေနဲ့ကတော့ လူထုနဲ့လိုက်တွေ့ ပြီး ဆွေးနွေးတာတွေလုပ်နေပါတယ်” ဟု ၎င်းကပြောသည်။
ကိုယ်စားလှယ်အချိို့မှာ မဲဆွယ်စည်း ရုံးရေးလုပ်ငန်းများစတင်ဆောင်ရွက်နေကြပြီး စည်ပင်ရွေးကောက် ပွဲ ကော်မရှင်ကလည်း ဒီဇင်ဘာ ၂၇ ရက်မရောက်မီ တစ်ရက်အလိုထိ မဲဆွယ်စည်းရုံးခွင့် သတ်မှတ်ပေး ထားသည်။
ရန်ကုန်မြို့တော်စည်ပင် ကော်မတီဝင်အဖြစ် အရှေ့ပိုင်းခရိုင်မှ ၀င်ရောက်ယှဉ်ပြိုင်မည့် လက်ရှိအမျိုးသား လွှတ်တော်အမတ် ဦးဖုန်းမြင့်အောင် ကလည်း အသုံးစရိတ်အများ အပြားသုံးစွဲရန် မရှိဟု ပြောသည်။
“အသုံးစရိတ်အများကြီးသုံးဖို့မရှိပါဘူး။ လက်ကမ်းစာစောင်နဲ့ သတင်းစာမှာကြေငြာထည့်မယ်။ ရွေးကောက် ပွဲရက်နီးရင် ကားနဲ့လှည့်ပြီး ဟောပြောပွဲလုပ်မယ် ဒီလောက်ပါပဲ” ဟု ၎င်းက ဆိုသည်။
ရန်ကုန််မြို့တော် စည်ပင်သာယာရေး ကော်မတီ အဆင့်ဆင့်ရွေးကောက်ပွဲကြီးကို ဒီဇင်ဘာ ၂၇ ရက်တွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး မြို့နယ်ပေါင်း ၃၃ မြို့နယ်တွင် ကိုယ်စားလှယ်ပေါင်း ၃၀၅ ဦး ဝင်ရောက်ယှဉ်ပြိုင် မည်ဖြစ်သည်။
စည်ပင်ရွေးကောက်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်မည့် အမျိုးသမီးကိုယ်စားလှယ်တစ်ဦးဖြစ်သူ နော်စူဇန်နာ လှလှစိုးက အနုပညာရှင်များနှင့် အမျိုးသမီးစွမ်းဆောင်ရှင်များကို အကူအညီတောင်းခံထားပြီး ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း အပါအဝင် အရပ်ဘက် အဖွဲ့အစည်းများ၏ အားကိုယူသွားမည်ဟု ဆိုသည်။
“မဲဆွယ်တာ ပိုက်ဆံပေးတာတို့ မဲဝယ်တာတို့တော့ အန်တီတို့မတတ်နိုင်ဘူး။ မလုပ်နိုင်ဘူးပေါ့။ ပြည်သူတွေနဲ့ တိုက်ရိုက်တွေ့ပြီး မဲဆွယ်တာလောက်ပဲ လုပ်နိုင်ပါတယ်” ဟု နော်စူဇန်နာလှလှစိုးက ပြောသည်။
ယင်းတွင် ရန်ကုန်မြို့တော် ကော်မတီဝင် လေးဦး၊ ခရိုင်လေးခုမှ ကိုယ်စားလှယ်သုံးဦးစီ၊ မြို့နယ်ပေါင်း ၃၃ မြို့နယ်မှ မြို့နယ်တစ်ခုလျှင် ကိုယ်စားလှယ်သုံးဦးစီဖြင့် စုစုပေါင်း ၁၁၉ ဦးရွေးချယ်မည် ဖြစ်သည်။