နိုဝင်ဘာလ ၂၇ ရက်က ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ မြန်မာ ငြိမ်းချမ်းရေး စင်တာ MPC က ကိုယ်စား လှယ်တွေဟာ တစ်နိုင်ငံလုံး အပစ်ခတ် ရပ်စဲရေး ညှိနှိုင်းရေး အဖွဲ့ NCCT နဲ့ သျှမ်းပြည်ပြန်လည်ထူ ထောင်ရေး ကောင်စီ၊ သျှမ်းပြည် တပ်မတော် RCSS/SSA တို့နဲ့ တွေ့ဆုံ ခဲ့ပါတယ်။ တွေ့ဆုံ ဆွေးနွေးပွဲမှာ ဘာအကြောင်းတွေ ဆွေးနွေး ခဲ့ပါသလဲ။ RCSS/SSA က ပြောခွင့်ရ ဗိုလ်မှူးကြီး စိုင်းလှကို သျှမ်းသံတော်ဆင့်က တွေ့ဆုံ မေးမြန်း ထားပါတယ်။
မေး။ ။ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် RCSS/SSA နဲ့ မြန်မာငြိမ်းချမ်းရေးစင်တာ MPC တို့တွေ့ဆုံတာ ဘာတွေဆွေးနွေးခဲ့ပါသလဲ။
ဖြေ။ ။ MPC ဘက်ကတွေ့ဆုံချင်တယ်လို့ကမ်းလှမ်းလာလို့ NCCT နဲ့ရော ကျနော်တို့နဲ့ရော ချင်းမိုင်မှာတွေ့ဆုံဖြစ်ခဲ့ပါတယ် ။ NCCT နဲ့ဖြစ် ပေါ်နေတဲ့ ပြဿနာတွေ၊ တပြည်လုံးအပစ်ရပ်စဲ ရေးအတွက် တစ်ဆို့နေတာတွေကို ရှေ့ဆက် ဆောင် ရွက်သွားနိုင်အောင် နည်းလမ်းရှာဖို့ ဆွေးနွေး ခဲ့ပါတယ်။ ကျနော်တို့ RCSS ကိုတော့ ပြည်ထောင်စုမှာဖြစ်ပေါ်နေတဲ့ အခြေအနေ အရပ်ရပ်နဲ့ ရန်ကုန် နေပြည်တော်တွေ မှာဖြစ်ပေါ်တဲ့အခြေအနေတွေ NCCT နဲ့ဆွေးနွေး ခဲ့တာတွေကိုကျနော်တို့ကိုရှင်းပြပါတယ်။ ကျနော်တို့ကတော့ နားထောင်သူသက်သက်ပါ။
မေး။ ။ NCCT နဲ့ MPC ဆွေးနွေးလို့ မရသေးတဲ့အချက်တွေက ဘာတွေကျန်သေးလဲ။
ဖြေ။ ။ သူတို့ဆွေးနွေးခဲ့တာ အချက် ၁၂၀ ကျော်တယ်။ အရေးကြီးတဲ့ အခန်း ၄-၅ ခန်းလောက် ဘဲကျန်ပါတယ်။ နိုင်ငံရေးဆွေးနွေးဖို့တွေ ဘာတွေပေါ့နော် သဘောတူညီချက် မရနိုင်သေးတာ က။ နိုင်ငံတော်ကို ဖယ်ဒရယ်ပြည်ထောင်စုစနစ်နဲ့တည်ထောင်ဖို့၊ ဖယ်ဒရယ် တပ်မတော်တည် ထောင်ဖို့အတွက်တွေပေါ့။ ဒါ့အပြင် အစိုးရဘက်က မူ ၆ ချက်ကိုထည့်သွင်းဆွေးနွေးတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအတိုင်းကျင့်သုံးရမယ်ဆိုတော့ NCCT က သဘောမတူနိုင်သေးတာတွေ ရှိပါ တယ်။ နောက်အရေးကြီးတဲ့အချက်က နိုဝင်ဘာလ ၁၉ ရက်က မြန်မာ့တပ်မတော်က လက် နက် ကြီးကျည် ပစ် ၁၀၅ လိုက်လို့ ကေအိုင်အေရဲ့ ဗိုလ်လောင်းသင်တန်းက ဗိုလ်လောင်း ၂၀ ကျော် သေဆုံးခဲ့ရမှု စတာတွေဟာ အပစ်ရပ်ဆွေးနွေးဖို့အတွက် ရပ်တံ့စေတဲ့အချက်တွေဖြစ်တယ်။
မေး။ ။ ဘယ်အဖွဲ့ဘက်မှ မပါတဲ့ RCSS ဘက်ကကော် NCCT ဘက်က အခုလိုဆွေးနွေးဖို့ တစ်ဆို့နေတော့ UPWC နဲ့ဘယ်လိုဆက်ဆွေးနွေးသွားမလဲ။
ဖြေ။ ။ ကျနော်တို့က အစကတည်းက ပွင့်ပွင့်လင်းလင်း ကြေငြာထားပါပြီ။ တိုင်းရင်းသားတွေ အတွက် အရေးကြီးတဲ့လိုအပ်ချက်က လွတ်လပ်ရေးမရခင်ကတည်းက ပြည်ထောင်စုမှာ ဖြစ်ပေါ် နေတဲ့နိုင် ငံရေးပြဿနာတွေကိုဖြေရှင်းဖို့ဖြစ်တယ်။ နိုင်ငံတွေ ဖွဲ့စည်းပုံအခြေခံဥပဒေဟာကျနော် တို့လိုချင်တဲ့တန်းတူညီမျှမှု၊ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ စစ်မှန်တဲ့ဖယ်ဒရယ်ပြည်ထောင်စုတည် ဆောက်ဖို့ ဆိုတာတွေဖြစ်မလာတော့ ဖြစ်ပေါ် လာတဲ့ နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ အတွက် နိုင်ငံရေးနည်းနဲ့ ဆွေးနွေးရမယ်။ သို့ပေမယ့် ဆွေးနွေးဖို့ အခွင့်မရှိတော့ ကျနော်တို့ လည်း လက်နက်ကိုင်ပြီးခေတ်အဆက်ဆက်တိုက်ခိုက်နေရတယ်။ သို့ပေမယ့် သမ္မတကြီး ဦးသိန်းစိန် က နိုင်ငံရေးပြဿနာဖြေရှင်းချင်တယ် အပစ်ရပ်ကြစို့ ဆိုလို့ ကျနော်တို့ တော့ ပြည်နယ် အဆင့်ကော ပြည်ထောင်စုအဆင့်ကော အပစ်ရပ်ထားပြီးကြပါပြီ။ ကျနော်တို့ တော့ တပြည်လုံးအပစ်အခတ် ရပ်စဲရေး ဆိုတာကြီး ရှိချင်ရှိမရှိချင်နေ နိုင်ငံရေး ဆွေးနွေးပွဲကြီး ဖြစ်လာ ရင်တော့ ကျနော်တို့ ပါဝင်မှာပါ။ အဘက်ဘက်က သဘောတူပြီးပူးပေါင်း လုပ်ဆောင် ရင် ပေါ့။ အားလုံးပါဝင်မှုမရှိရင် ကျနော်တို့ တဖွဲ့တည်းနဲ့တော့ အပစ်ရပ်ရေး လက်မှတ် မထိုးနိုင်ဘူးလေ ။ ဒါက တနိုင်ငံလုံးနဲ့ဆိုင်တာကိုး။
မေး။ ။ ဦးလှမောင်ရွှေက ခရစ္စမတ်မတိုင်ခင် တပြည်လုံးအပစ်ရပ်နိုင်အောင် လုပ်ချင်တယ်လို့ ပြောတယ်။ လက်ရှိ အခြေအနေနဲ့ ဆိုရင် သူပြောတဲ့အတိုင်း ဖြစ်လာနိုင်မလားခင်ဗျ။
ဖြေ။ ။ ဖြစ်ချင်တာတွေက တယောက်တည်း တဖက်တည်းနဲ့ဆိုရင် ဖြစ်လာနိုင်မှာမဟုတ်ပါဘူး။ ၂ ဦး ၂ ဘက် လိုချင်တာချင်းတူပြီး တူညီတဲ့သဘောတူညီချက်ရှိမှ အောင်မြင်နိုင်မယ်လေ။ ဒါကြောင့် တပြည် လုံးအပစ်ရပ်တာကို လူတိုင်းက လိုချင်ပေမယ့် ခုချိန်ထိ သဘောတူညီချက် တွေ မရနိုင်သေးတော့ မလုပ်ဆောင်နိုင်သေးတာဖြစ်တယ်။ ဒါကြောင့် MPC ကပြောတဲ့ ခရစ္စမတ် မတိုင်ခင်ဆို တာက သူတို့ဘက်က လိုအပ်ချက်ဘဲဖြစ်မယ်လို့ထင်ပါတယ်။
ဥပမာ အစိုးရဆိုရင် လည်း သူလိုချင်တဲ့ဟာအတွက် ၃ ဘက် ၃ တန် ကြည့်ရမယ်။ တပ်မတော် ဘက် ကိုလည်း သူကြည့် ရပါမယ်။ လွှတ်တော်ကိုလည်း သူကြည့်ရပါမယ်။ နိုင်ငံရေးသမား တွေ ကိုလည်း သူကြည့်ရပါမယ်။ တဘက်နဲ့တဘက်ကလည်း အမြင်ချင်း မတူညီဘူးလေ။ ဒါ့အပြင် တိုင်းရင်းသားတွေဘက်ကလည်း တပ်မတော်က ထိုးစစ်ဆင်တာ ခံရတယ်။ တပ်မတော်က ပစ် ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် အများအပြားသေဆုံးတယ်။ ဒါကြောင့် တပြည်လုံး အပစ် ရပ်စဲရေးလုပ်နိုင်ဖို့ ခရစ္စမတ်မတိုင်ခင်ဆိုတာ မဖြစ်နိုင်ဘူးလို့ထင် တာ ဘဲ။
မေး။ ။ ဟုတ်ကဲ့- RCSS က KNU နဲ့ ရင်းနှီးတယ်။ သဘောထားပျော့ပြောင်းတယ်။ အစိုးရနဲ့ ဝင်ထွက်ကျွမ်းကျင်တယ်လို့ပြောနေကြတယ်။
ဖြေ။ ။ နိုင်ငံရေးဆွေးနွေးဖို့အတွက်ရည်ရွယ်ထားပါတယ်။ အစိုးရနဲ့ ဝင်ထွက်ကျွမ်းကျင်တယ် ဆိုတာကလည်း နိုင်ငံရေးဆွေးနွေးဖို့အတွက်ဖြစ်တယ်။ နိုင်ငံရေးမဆွေးနွေးရရင်လည်း ကျနော် တို့ နိုင်ငံတော်ကြီး ဘယ်တော့မှအေးချမ်းတော့မှာမဟုတ်ပါဘူး။ ဒါကြောင့်အစိုးရနဲ့ နီးစပ်အောင် လုပ်ရတာပါ။
ချင်းမိုင်မြို့ ရှိတ်အစ်စတားနား ဟိုတယ်မှာတွေ့ဆုံခဲ့ကြတာဖြစ်ပြီးတော့ မြန်မာငြိမ်းချမ်းရေး စင်တာက ဦးလှမောင်ရွှေ၊ ညိုအုန်းမြင့်၊ ဦးအောင်နိုင်ဦးတို့ဦးဆောင်ပြီး NCCT ဘက်ကတော့ နိုင်ဟံသာ ၊ ဗိုလ်ချုပ်ဂွမ်မော်နဲ့ ခွန်ဥက္ကာတို့ ဦးဆောင်ပါတယ်။ RCSS/SSA ဘက်ကတော့ ဗိုလ်မှူးကြီးစိုင်းလှ၊ စိုင်းငင်းနဲ့ စိုင်းအေးတို့က လာရောက်တွေ့ဆုံပါတယ်။