တာဝန်ရှိသူများကို အရေးယူရန် လက်ပံတောင်းတောင် သပိတ်စခန်း ဖြိုခွင်းခံရမှု ၂နှစ်ပြည့်တွင် တောင်းဆို

တာဝန်ရှိသူများကို အရေးယူရန် လက်ပံတောင်းတောင် သပိတ်စခန်း ဖြိုခွင်းခံရမှု ၂နှစ်ပြည့်တွင် တောင်းဆို
by -
မဇ္စျိမ

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရေးအတွက် သပိတ်စခန်းဖွင့် တောင်းဆိုခဲ့သည့် သံဃာများ အကြမ်းဖက် ဖြိုခွင်းခံခဲ့ရသည့် ၂နှစ်ပြည့်တွင် တာဝန်ရှိသူများကို အမြန်ဆုံး ဖော်ထုတ်အရေးယူရန် အဖွဲ့အစည်းပေါင်း သုံးဆယ်ကျော်က သဘောထား ကြေငြာချက်ထုတ်ပြန် တောင်းဆိုလိုက်သည်။

အဆိုပါ ကြေငြာချက်နှင့်အတူ လူအင်အား၂၀ခန့်ကလည်း သပိတ်စခန်းဖြိုခွင်းခံရမှု နှစ်နှစ်ပြည့်အထိမ်းအမှတ် အဖြစ် ရန်ကုန်မြို့လယ်ရှိ ဆူးလေဘုရားအနီးတွင် ဖယောင်းတိုင်ထွန်း ဆန္ဒပြခဲ့ကြသည်။

၂၀၁၂ခုနှစ်၊ နိုဝင်ဘာ ၂၉ရက်မနက် သုံးနာရီခန့်က ကြေးနီစီမံကိန်းရပ်ဆိုင်းရန် သပိတ်စခန်းဖွင့် ဆန္ဒပြသည့် သံဃာများအား အာဏာ ပိုင်များက အကြမ်းဖက်ဖြိုခွင်းခဲ့မှုကြောင့် သံဃာအပါး ၈၀ကျော်နှင့် ဒေသခံ အနည်းစုမှ ာ မီးလောင်ဒဏ်ရာအပါအဝင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်သည်။

လက်ပံတောင်းတောင်အရေး တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်သည့် ဒေါ်နော်အုန်းလှက “ဒီကိစ္စကို ဖော်ထုတ်ပေးဖို့ အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ မတရားမှုတွေကို ဖော်ထုတ်နေတဲ့သူတွေ အားလုံးစုစည်းသင့်ပါတယ်” ဟု ပြောသည်။

ဆန္ဒပြသူများက မီးလောင်ဗုံး တရားခံဖော်ထုတ်ပေးရေး၊ ဝမ်ပေါင် ကုမ္ပဏီ မြန်မာနိုင်ငံက ထွက်သွားရေး၊ လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း ဖျက်သိမ်းပေးရေး စသည်တို့ကိုကြွေးကြော်ခဲ့ကြသည်။

အဖွဲ့အစည်းပေါင်း ၃၄ဖွဲ့၏ သဘောထားကြေငြာချက်တွင်မူ သပိတ်စခန်းဖြိုခွင်းမှုတွင် တာဝန်ရှိသူများအား ဖော် ထုတ်အရေးယူပေးရန် အပါအဝင် မြေယာလျော်ကြေးယူထားခြင်းမရှိဘဲ  အဓမ္မခြံခတ်၊ အဆောက်အဦး ဆောက်ထားသည့် တောင်သူ( ၃၉) ဦး မြေကိစ္စ ၀မ်းပေါင်အမြန်ဆုံးဖြေရှင်းရန်၊  အလုပ်သမားများ၏ ဘဝအာမခံချက်ရှိသည့် လုပ်ခငွေရရှိစေရန်နှင့် အလုပ်သမားများဘဝ လုံခြံုအေးချမ်းစွာ နေထိုင်နိုင်ရန် ဥပဒေများ ရှိလာစေရန် အချက်များအပါအဝင် အချက် ၁၀ ချက်ပါ၀င်သည်။

လက်ပံတောင်းတောင် သပိတ်စခန်း အကြမ်းဖက်ဖြိုခွင်းမှု နှစ်နှစ်ပြည့်တွင် သဘောထားကြေငြာချက် ထုတ်ပြန် သည့် အဖွဲ့အစည်းများမှာ ၁၉၉၀ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့၊ လက်ပံတောင်းတောင် ပြည်သူ့ အကျိုးစီးပွား ကာကွယ်စောင့်ရှောက်ရေး ကော်မတီ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့ ကွန်ယက်တို့အပါအဝင် လူ ထုအကျိုးပြုကွန်ယက်များ၊ အင်အားစုများနှင့် သမဂ္ဂများဖြစ်ပြီး စုစုပေါင်း ၃၄ ဖွဲ့ဖြစ်သည်။

Most read this week