မြန်မာအစိုးရ စစ်တပ် ပစ်ခတ်မှုကြောင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဌာနချုပ် လိုင်ဇာ ဗိုလ်လောင်းများ ၂၃ ဦးသေဆုံးမှုနှင့် ပတ်သက်၍ ကန့်ကွက်လိုက်ပြီး တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆွေးနွေးမှု အဆုံးသတ်ရန် 'ဝ' ပြည်သွေးစည်း ညီညွတ်ရေးပါတီ (UWSP) အပါအဝင် လက်နက်ကိုင် အဖွဲ့အစည်း သုံးဖွဲ့က ကန့်ကွက်လိုက်သည်။
နိုဝင်ဘာလ ၁၉ ရက်က လိုင်ဇာရှိ KIO ဗိုလ်သင်တန်းကျောင်းသားများ သေဆုံးမှုအပေါ် UWSP၊ မိုင်းလားနှင့် SSPP အဖွဲ့များက ပြည်တွင်း ငြိမ်းချမ်းရေး ရရှိတော့မည့် အချိန်ကာလတွင် ယင်းပြဿနာမျိုး ဖြစ်ပွားခဲ့သည့် အတွက် အလေးအနက်ထား ကန့်ကွက်ကြောင်း ပူးတွဲကြေငြာချက်ကို နိုဝင်ဘာလ ၂၃ ရက်က ထုတ်ပြန်ထားသည်။
“ငြိမ်းချမ်းရေးလုပ်နေတဲ့အချိန်မှာ ဒီလို ဖြစ်သွားတယ်ဆိုတော့ ရပ်တန့်သွားမှာပေါ့။ ယုံကြည်မှု ပိုလျော့သွားတယ်။ ဒီလိုမျိုးမဖြစ်သင့်ဘူး။ ကျနော်တို့ကလည်း အမြဲပြောနေတာ တိုင်းရင်းသား ဘက်ကလည်း ပဋိပက္ခအသစ်တွေ မဆောင်ရွက်ဖို့ အစိုးရဘက်ကလည်း ဒီလို ဖိအားမလုပ်ဖို့ ဒါက ဒီလောက်အများကြီး သေဆုံးတယ်ဆိုတော့ ဖိအားတောင် မဟုတ်တော့ဘူး” ဟု UWSP မှ ပြောရေးဆိုခွင့်ရှိသူ ဦးအောင်မြင့်က ပြောသည်။
ယခုလုပ်ရပ်များသည် ငြိမ်းချမ်းလုပ်ဆောင်မှုတွင် ထိခိုက်မှုရှိသလို၊ အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အကြား ပြေလည်မှုရရှိရန် ပြန်လည် ကြိုးစားရန် လိုအပ်နေပြီဟု သူက ဆိုသည်။
“အစိုးရဘက်ကလည်း ဒီလိုပုံစံနဲ့ သွားလို့ဘယ်ရမလဲ။ စစ်ဆင်ရေးတွေ ရပ်ပြီးတော့ ဆွေးနွေးပွဲ မှာ ပြေလည်အောင် ကြိုးစားရ မှာပါ၊ ဆွေးနွေးပွဲကလည်း ရလာဒ်တော်တော်လည်း တိုးတက်နေတယ်။ တချို့ကိစ္စလေးတွေ ညှိလို့ရတဲ့ ကိစ္စလေးတွေပါ။ ဒီလို ဖြစ်သွား တယ်ဆိုတော့ တန့်သွားတယ်ပေါ့။ တန့်သွားတာပေါ့။ ဒါက ပြန်ကြိုးစားရမှာပေါ့”ဟု သူက ပြောသည်။
ငြိမ်းချမ်းရေး အမှန်တကယ်လိုလာသည့် ဆန္ဒပြဖော်ပြရန်အတွက် ပဋိပက္ခဖြစ်ပွာသည့် နှစ်ဖက်စလုံး ကိုယ့်ကိုယ်ကို တင်းကျပ်စွာ ချုပ်ထိန်း၍ လက်ဦးမှုယူပြီး တစ်ဖက်သားအား ထိုးစစ်ဆင်တိုက်ခိုက်မှုများ မပြုလုပ်ကြရန်၊ UPWC နှင့် တိုင်းရင်းသားအဖွဲ့အစည်းများ ထိတွေ့ဆက်ဆံမှု မြင့်တင်၍ အပစ်အခတ် ရပ်စဲရေး ဆွေးနွေးမှု အဆုံးသတ်ပြီး တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ် အမြန်ဆုံး ချုပ်ဆိုနိုင်ရန် တိုက်တွန်းလိုက်သည်။