ကချင်ပြည်နယ် မိုးကောင်းမြို့နယ် နမ္မတီးမြို့တွင် ၂၁၀၉ ခု သျှမ်းနှစ်သစ်ကူးပွဲတော်တွင် အထက်တန်းအောင် ဂုဏ်ထူးဆုရှင်များအား ဆုချီးမြှင့်သည့် အမ်းအနား ကိုပါ တွဲလျက် ကျင်းပခဲ့ကြောင်း စုံစမ်း သိရှိရသည်။
နမ္မတီးမြို့ ကျောက်တောင်ကျောင်းတိုက် ကမ္ဘောဇ သမဂ္ဂ ဓမ္မဂါမီ ဓမ္မာရုံ ၌ ၂၁၀၉ သျှမ်းနှစ်သစ် ကြိုဆိုသည့် အထိမ်းအမှတ်အဖြစ် သျှမ်းစာပေပြ ဆရာ/ဆရာမများအား ဂုဏ်ပြုပွဲနှင့် ၂၀၁၃/ ၁၀၁၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းအောင် ဂုဏ်ထူးရှင် ကျောင်းသားကျောင်းသူများအား ဆုချီးမြှင့်ခြင်း အခမ်းအနားကို နိုင်ဝင်ဘာလ ၂၂ ရက် နေ့လည် ၁၂ နာရီတွင် ကျင်းပသည်။
အခမ်းအနားသို့ သျှမ်းသာသနာ့ နုဂ္ဂဟအဖွဲ့ ၊ သျှမ်းပညာမြှင့်တင်ရေးဖေါင်ဒေးရှင်း၊ နာယက ကျောက်တောင် ကျောင်းတိုက်ဆရာတော်၊ နမ္မတီး သျှမ်းသာသနာ့နုဂ္ဂဟအဖွဲ့ဝင်များ၊ သျှမ်းပညာမြှင့်တင်ရေးအဖွဲ့၊ နမ္မတီးမြို့နှင့် ရပ်ကျေး သျှမ်းစာပေယဉ်ကျေးမှုကော်မတီ အကြီးအကဲများ၊ ရှမ်းစာပြ ဆရာ/ဆရာမများ၊ ဂုဏ်ထူးရှင် ကျောင်း သား/ကျောင်းသူများနှင့် မိသားစုဝင်များ၊ အထူးဖိတ်ကြား ဧည့်သည်တော်များ စုပေါင်း အင်အား ၁၀၀ ကျော် တက်ရောက်သည်။
အခမ်းအနားအား ဘုရား တရား သံဃာကန်တော့၍ နမောတဿ သုံးကြိမ်ရွတ်ဖတ် ဖွင့်လှစ်ပြီး နာယက ဆရာတော်မှ သြဝါဒဂါထာ မြွက်ကြားရာ၌ - ယနေ့မျက်မှောက် နမ္မတီးဒေသတွင်း သျှမ်းမိသားစု ပညာရေးအခြေအနေက လက်ရှိလူဦးရေနဲ့နှိုင်းစာရင် ဂုဏ်ထူးရကလေး ပမာဏဟာ အင်မတန် မှဘဲ အားနည်းနေပါတယ်။ ဒါကြောင့် လူမျိုးဘာသာ သာသနာ ရေရှည်ဖွံ့ဖြိုးရေးအတွက် စကား စာပေ ယဉ်ကျေးမှုရဲ့ အဓိကလေခါးထစ်ကြီးဖြစ်တဲ့ ပညာရေးဖွံ့ဖြိုးတိုးတက်ရေးကို ကလေးတွေထိမိထိုက်တန်စွာ ရရှိအောင်၊ စီးပွားရေးမှာသာဦးစိုက်မနေပဲ ဘက်စုံဖြည့်ဆည်းပေးဖို့ မိဘ ဆရာ တွေကို တိုက်တွန်း လိုလိုပါတယ်။ ဟု အကျယ်တဝင့်မြွက်ကြားသည်။
ဆက်လက်၍ သာသနာ့ နုဂ္ဂဟအဖွဲ့ ဥက္ကဌ လုင်းဆန်ဟင်မှ ဘိုး ဘေး ဘီ ဘင် စဉ်ဆက်အစဉ် အလာကြီးမားစွာ ဘာသာစာပေ ရိုးရာယဉ်ကျေးမှုများစဉ်ဆက် ထိန်းသိမ်းခဲ့ရာ ယခုမျက်မှောက်ခေတ် ကာလ ယိုယွင်းအားနည်း မှု အပေါ် အဖက်ဖက်မှအမွေခံထိုက် သားသမီးများဖြစ်အောင် လက်ဦးဆရာဖြစ်သည့် မိဘများ မှ မိမိဘာသာ စကားစာပေများကို ဂရုပြုဦးစားအမွေကို မဖြစ်မနေ ခွဲဝေ တတ်မြောက်စေရန် စသည့်ဘာသာစာပေဆိုင်ရာများ အခြေခံနှင့် ခေတ်စာပေ နိုင်ငံရေး စီးပွါးရေးအထွေထွေ သုတရရှိရေး တွန်းအားပေးရန် သြဝါဒမြွက်ကြားသည်။
နမ္မတီး သျှမ်းစာပေယဉ်ကျေးမှု ဥက္ကဌ လုင်းစိုင်းဆိန်တိုက်က ဗဟိုသျှမ်းစာပေယဉ်ကျေးမှုမှပေးပို့သော သဝဏ်လွှာကိုဖတ်ကြားသည်။ စိုင်းချစ်အောင်မှလည်း နမ္မတီး သျှမ်းပညာမြှင့်တင်ရေးအဖွဲ့၏ လုပ်ငန်း ဆောင်ရွက်ချက်များကို ပြောကြားကာ သျှမ်းစာနည်းပြများအား ဂုဏ်ပြုငွေနှင့်မှတ်တမ်းများ ပေး အပ်ခြင်း၊ တက္ကသိုလ်ဝင်တန်းဂုဏ်ထူးရှင်များအား ဆုချီးမြှင့်ခြင်းတို့ ပြုလုပ်ခဲ့သည်။
ဆုချီးမြှင့်ခြင်းခံရသည့် ဂုဏ်ထူးဆုရှင်များမှာ ၄ ဘာသာဂုဏ်ထူး ၂ ဦး၊ ၃ ဘာသာဂုဏ်ထူးရှင် ၆ ဦး၊ ၂ ဘာသာဂုဏ်ထူးရှင် ၅ ဦး၊ ၁ ဘာသာဂုဏ်ထူးရှင် ၁၃ ဦး ရှိသည်။