မူစယ် သျှမ်း နှစ်သစ်ကူးပွဲ နောက်ဆုံးနေ့ ဗုံးတစ်လုံး ပေါက်ကွဲ

မူစယ် သျှမ်း နှစ်သစ်ကူးပွဲ နောက်ဆုံးနေ့ ဗုံးတစ်လုံး ပေါက်ကွဲ
by -
သျှမ်းသံတော်ဆင့်

သျှမ်း/မြောက် မူစယ်မြို့ ၌ သျှမ်းနှစ်ကူးပွဲတော် နောက်ဆုံးနေ့ ကျင်းပချိန် မူစယ်ခရိုင် ဆိုင်းခေါင်ကျေးရွာ မူစယ်-နမ့်ခမ်း ကားလမ်းမ ပေါ်တွင်  ညနေ ၆ နာရီ ခန့်က ဗုံးတစ်လုံး ပေါက်ကွဲကြောင်း သတင်း ရရှိသည်။

မြန်မာစစ်အစိုးရစစ်ယာဉ်တန်းများအခင်းဖြစ်ပွါးရာ ထိုနေရာသို့ ရောက်ရှိနေချိန်၌ ဗုံးပေါက်ကွဲခဲ့ ကြောင်း၊  နိုဝင်ဘာလ ၂၃ ရက် သျှမ်းနှစ်သစ်ကူးပွဲတော်နောက်ဆုံးရက်ဖြစ်သည့်အလျောက် ပွဲလာပရိသတ်များ တုန်လှုပ်ထိတ်လန့်မှုဖြစ်ခဲ့ရကြောင်း မူစယ်မြို့ သျှမ်းနှစ်ကူးပွဲဖြစ်မြောက်ရေး ကော်မတီဝင် တစ်ဦးကဆိုသည်။

Muse- Numkham

“ ဗုံးပေါက်သံကြားလို့ ပွဲလာတဲ့လူတွေ  လန့်ကုန်တာပေါ့။ တခြားဒေသကလာတဲ့လူတွေ နမ့်ခမ်းမြို့ကနေ ပွဲလာတဲ့လူတွေ နေရပ်မပြန်ရဲကြတော့ဘူး။   မူစယ်မှာပဲ နီးစပ်ရာဆွေမျိုးအိမ်တွေ ဘုန်းကြီးကျောင်းတွေမှာပဲ အိပ်လိုက်ရပါတယ် ” ဟု ၎င်းကပြောသည်။

ဗုံးပေါက်ကွဲမှုကြောင့် အစိုးရစစ်တပ်ဘက်မှ တစ်ဦးသေ ၄ ဦးထက်မနဲ ဒဏ်ရာရရှိကြပြီး မူစယ်ဆေးရုံ သို့ပို့ဆောင်ထားကြောင်း၊ ဗုံးပေါက်ကွဲပြီး မိနစ် (၆၀) အတွင်း၌ အစိုးရစစ်တပ်များသည် ထိုနေရာတွင် လမ်းသွားလမ်းလာများကို စစ်ဆေးမေးမြန်းခဲ့ကြောင်း စယ်လန့်ကျေးရွာနေ စိုင်းအိုက်ကဆိုသည်။

“ဗုံးပေါက်ကွဲပြီး မူစယ်သျှမ်းနှစ်သစ်ကူးပွဲက ပြန်လာတဲ့သူတွေကို စစ်ဆေးမေးမြန်းတယ်။ ရိုင်းရိုင်း စိုင်းစိုင်း စစ်ဆေးဆဲဆိုတယ် ၊  ဆိုင်ကယ်ခေါင်းကိုရိုက်ခွဲကြတယ်”  ဟု ၎င်းက ပြောသည်။

သို့သော် မြန်မာစစ်တပ်ဘက်က သေကြေထိခိုက်ဒဏ်ရာရမှုအရေအတွက်အတိအကျကိုတော့  သျှမ်းသံတော်ဆင့်က အတည်မပြုနိုင်သေးပါ။

မူစယ်မြို့နှင့် နမ့်ခမ်းမြို့ သည် ၁၇ မိုင်ခန့်သာကွာဝေးပြီး ထိုဒေသတွင် တပ်မ(၈၈) အစိုးရစစ်တပ် ၊ ကချင်လွတ် လပ်ရေးတပ်မတော် (KIA) ၊ သျှမ်းပြည်တိုးတက်ရေးပါတီ၊ သျှမ်းပြည်တပ်မတော် (SSPP /SSA)၊ တအာင်းလွတ်မြောက်ရေးတပ်မတော်(TNLA)၊ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ် မတော် (RCSS/SSA)နှင့် ဌာနေအစိုးရပြည်သူ့စစ် စသည့်လက်နက်ကိုင်တပ်ဖွဲ့များလှုပ်ရှားကြသည်။