ကချင်အရေးကြောင့် တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ် ဆွေးနွေးပွဲ ရက်ရွှေ့မည်

ကချင်အရေးကြောင့် တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ် ဆွေးနွေးပွဲ ရက်ရွှေ့မည်
by -
မဇ္စျိမ

ကချင်လွတ်မြောက်ရေး တပ်မတော် (ကေအိုင်အေ) ၏ ဗိုလ်သင်တန်းကျောင်းအပေါ် ပစ်ခတ်မှုအပြီး ဗိုလ်လောင်း ၂၃ ဦး သေဆုံးခဲ့သည့် ဖြစ်ရပ်ကြောင့် ရ ကြိမ်မြောက် အစိုးရနှင့် တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့ တွေ့ဆုံမည့် ရက်ကို နောက်သို့ ထပ်မံရွှေ့ဆိုင်းသွားမည်ဟု NCCT ခေါင်းဆောင် နိုင်ဟံသာက မဇ္စျိမကို ပြောသည်။

“လောလောဆယ်မှာ သူတို့ လူတွေ သေဆုံးဒဏ်ရာရတော့ စိတ်မကောင်းဘူး။ အဲဒါကို အန်ကယ်တို့အနေနဲ့ တဖက်က မကျေနပ်မှုကို အစိုးရဘက်က ဘယ်လို ဖြေရှင်းမလဲ။ ဒါတွေကလည်း လိုအပ်တယ်။ နောက်ပြီးတော့ တွေ့ဆုံဆွေးနွေးရေးကို ပျက်မသွားချင်ဘူး။ ဆက်လက်ပြီးတော့ ဆွေးနွေးသွားနိုင်ဖို့ ဆိုတဲ့အပိုင်းမှာ နည်းလမ်းရှာဖို့ သင့်တယ်ဆိုတဲ့အကြောင်း သူတို့ကို ပြန်လည်စည်းရုံးရမှာပေါ့” ဟု သူက ဆက်ပြောသည်။

အစိုးရ ပြည်ထောင်စုငြိမ်းချမ်းရေး လုပ်ငန်းကော်မတီ (UPWC)နှင့် NCCT တို့ သတ္တမအကြိမ် တွေ့ဆုံ ရန် နိုဝင်ဘာလကုန် (သို့မဟုတ်) ဒီဇင်ဘာ လဆန်းပိုင်းတွင် တွေ့ဆုံရန် သတ်မှတ်ထားသည်ကို ရွှေ့ဆိုင်းရန် NCCTက ဆုံးဖြတ်ခြင်းဖြစ်သည်။ ရကြိမ်မြောက် တွေ့ဆုံမည့် ရက်ကိုမူ NCCT အဖွဲ့ဝင်များ တွေ့ဆုံကာ ပြန်လည်ဆုံးဖြတ်သွားမည်ဟု ဆိုသည်။

သို့သော် ယခုကဲ့သို့ ရွှေ့ဆိုင်းခြင်းသည် ကေအိုင်အို၏ သဘောထား အဓိကမဟုတ်ဘဲ NCCT နှင့် UPWC တို့၏ ဆုံးဖြတ်ချက်ပေါ်တွင်သာ မူတည်သည်ဟု ကေအိုင်အို၏ ပြောရေးဆိုခွင့်ရှိသူ ဦးလနန်က မဇ္စျိမကို ပြောသည်။

"NCCT နဲ့ ဦးအောင်မင်းတို့ တွေ့ဖို့ကတော့ ကေအိုင်အိုနဲ့ဘာမှ တိုက်ရိုက်သက်ဆိုင်တာ မရှိပါဘူး။ NCCT အဖွဲ့နဲ့ UPWC ရဲ့ သဘော တူညီချက် အပေါ်မှာပဲ ဆုံးဖြတ်ချက်ချမှာပါ။ ကေအိုင်အိုအဖွဲ့ကြောင့် NCCT ဆွေးနွေးပွဲတွေ ရက်ရွှေ့ရတယ်ဆိုတာ မဖြစ်သင့်ဘူး” ဟု သူက မဇ္စျိမကို ပြောသည်။

နိုဝင်ဘာလ ၂၄ နှင့် ၂၅ ရက်ကလည်း တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ်မှ နှစ်ဖက်ဆွေးနွေးရန် ခက်ခဲနေသည့် အချက်များကိ NCCT ခေါင်းဆောင်အချို့နှင့် မြန်မာ့ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး ဗဟိုဌာန (MPC) မှ ဦးညိုအုန်းမြင့်၊ ဒေါက်တာမင်းဇော်ဦးတို့နှင့် ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ သည်ဟု နိုင်ဟံသာက ပြောသည်။

“နေပြည်တော်သွားတုန်းက ဦးအောင်မင်းရဲ့အကြံပြုစာတွေအပေါ်မှာ လာညှိတာပေါ့။ ညှိတယ်ဆိုတာ Single text မှာ ပိတ်ဆို့နေတဲ့ အချက်တွေ ဘယ်လိုနည်းနဲ့ရှောင်မလဲ။ အချက်အလက်တွေကို ဘယ်လို ပြင်ပြီး ဘယ်လို နားလည်မှု ရယူနိုင်မလဲ ဆိုတဲ့ဟာပါ၊ ဘယ်လို ပြင်မလဲစသဖြင့် ညှိနှိုင်းတာပေါ့”ဟု ၎င်းက ပြောသည်။

နိုဝင်ဘာ ၂၇ ရက်တွင်လည်း NCCT နှင့် MPC ကိုယ်စားလှယ်များ ချင်းမိုင်မြို့တွင် ပြန်လည်တွေ့ဆုံရန် ရှိပြီး နိုဝင်ဘာ ၁၉ ရက်က ဖြစ်ပွားခဲ့ သည့် ကေအိုင်အေ ဗိုလ်လောင်းသင်တန်းကျောင်းပေါ် အစိုးရ ပစ်ခတ်မှုကြောင့် ဗိုလ်လောင်းများ ကျဆုံးမှုနှင့် ပတ်သက်၍လည်း ပြေလည်မှု ရရှိရန်နှင့် နှစ်ဖက် ထိတွေ့မှုများ လျှော့ချရန် NCCT နှင့် UPWC တို့၏ တွေ့ဆုံဆွေးနွေးမှုမှ အစပြုကာ နိုင်ငံရေး ဆွေးနွေးပွဲ တွင် ဖြေရှင်းနိုင်မည်ဟု MPC မှ ဦးလှမောင်ရွှေက ပြောသည်။

အစိုးရနှင့် NCCT တို့က ပြီးခဲ့သည့် စက်တင်ဘာလ ၂၂ ရက်မှ ၂၆ ရက်ထိ ဆဋ္ဌမအကြိမ်မြောက် ရန်ကုန်မြို့ (MPC) ၌ နှစ်ဖက် တွေ့ဆုံ ဆွေးနွေးရာတွင် သဘောတူညီမှု တစ်စုံတစ်ရာ မရရှိဘဲ အောက်တိုဘာလအတွင်း ထပ်မံတွေ့ဆုံရန် သဘောတူခဲ့သော်လည်း ယခုအချိန်ထိ တွေ့ဆုံနိုင်ခြင်း မရှိသေးပေ။

တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ်တွင် ပါဝင်သည့် တပ်ပိုင်းဆိုင်ရာကိစ္စရပ်များ၊ အပစ်အခတ် ရပ်စဲပြီးနောက် နှစ်ဖက် စစ်သည်တော်များ အပြန်အလှန်လိုက်နာရမည့် ကတိကဝတ်များ၊ နိုင်ငံရေး ဆွေးနွေး ပွဲတွင် ပါဝင်မည့် အစုအဖွဲ့ သတ်မှတ်ရေးနှင့် အပစ်အခတ် ရပ်စဲရေးစာချုပ်တွင် ပါဝင် လက်မှတ်ရေးထိုးမည့်သူများ သတ်မှတ်ရေးတို့ကို နှစ်ဖက်ဆွေးနွေးရန် ကျန်ရှိနေခြင်း ဖြစ်သည်။

Most read this week